တပ်ကုန်း၊ ၁၃ ဒီဇင်ဘာ
နေပြည်တော် တပ်ကုန်းမြို့နယ် သဘင်အစည်းအရုံးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆိုင်း၊ သဘင် အဖွဲ့သားများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက ဗိုလ်မင်းရောင် ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ စေတနာ အလှူရှင်များ တက်ရောက်၍ ဆိုင်း၊ သဘင်အဖွဲ့သားပေါင်း (၂၀၀)ဦးအား တစ်ဦးလျှင် ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆား(၅၀)သား၊ ကြက်သွန်နီ(၅၀)သားနှင့် မာမားခေါက်ဆွဲခြောက် (၂)ထုပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ဆိုင်းဝိုင်းအဖွဲ့ (၉)ဖွဲ့၊ ပဒေသာအကအဖွဲ့ (၃)ဖွဲ့၊ ကျည်းငြိမ့်၊ မောင်းငြိမ့်(၁၅)ဖွဲ့၊ စုစုပေါင်း ဆိုင်း/သဘင်အဖွဲ့သား (၄၀၀)ဦးရှိပြီး အမှန်တကယ်အဆင်မပြေသူ (၂၀၀)ဦးအား ပထမအကြိမ်အဖြစ် ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌထံမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


