ရန်ကုန်၊ ၁၃ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လူထုအခြေပြုဖျားနာကုအခမဲ့ဆေးခန်းများကို စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝေးလံသည့်မြို့နယ်များတွင် ဖျားနာကုအခမဲ့ဆေးခန်းများကို ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အတွက် ယခုဒီဇင်ဘာလအတွင်း မြိုနယ် ၄ မြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်သည်။
ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကြည်မြင်တိုင် တစ်ဖက်ကမ်းအလတ်ချောင်းတွင် ဖွင့်လှစ်ခဲ့ပြီး ဒဂုံဆိပ်ကမ်း၊ ဒလ၊ ကော့မှူးမြို့နယ်တို့တွင် ဖျားနာကုဆေးခန်းများကို ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လူထုအခြေပြု ဖျားနာလူနာကုဆေးခန်းများ ကွန်ရက် ( ရန်ကုန် ) တာဝန်ခံ ဒေါက်တာကျော်မင်းထွန်း ပြောကြားချက်အရ သိရသည်။
ထပ်မံဖွင့်လှစ်မည့် မြို့နယ် ၄ ခုမှ ဖျားနာကုအခမဲ့ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ဆေးခန်းတစ်ခုလျှင် ဆရာဝန် ၅ ဦး၊ သူနာပြု ၂ ဦးနှင့် စေတနာ့ဝန်ထမ်းအင်အား ၁၀ ဦး ကျော်အဆင်သင့်ရှိကြောင်း သိရသည်၊၊ ဖျားနာကုဆေးခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်မှုကြောင့် နေမကောင်းဖျားနာသည့် လူများ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ခံစားရသည့် ပြည်သူများ ဆောလျင်စွာ ကုသမူကာကွယ်မှုတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အောင်သူရ


