ရန်ကုန် ဒီဇင်ဘာ ၁၃
စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသော စာပေနှင့် အနုပညာမူပိုင်ခွင့်နှင့် နည်းပညာ အသိပညာပေးဆွေးနွေးပွဲအပိုင်း(၂) (Copyright and Technology Webinar: Episode 2)ကို ယနေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်နှင့် ပတ်သက်သည့် ဆွေးနွေးရမည့် အကြောင်းအရာများစွာရှိပြီး ကျယ်ပြန့်ပါကြောင်း။
စာပေထုတ်ဝေမှုနှင့် ပတ်သက်သည့် မူပိုင်ခွင့်ပြဿနာများသည် ယခင်ကပင်ရှိခဲ့ပြီး ယခုနည်းပညာအပြောင်း အလဲနှင့်အတူ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများသည် ပြောင်းလဲဖြစ်ပေါ်လာမည်ဟု ထင်မြင်မိပါကြောင်း၊ နည်းပညာ အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမည့် စာပေနှင့်မူပိုင်ခွင့် ဆိုင်ရာပြဿနာများအား နည်းပညာ ကိုပင်အသုံးပြု၍ ဖြေရှင်းရမည့် နည်းလမ်းများကို ယခုဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးမှုများမှတစ်ဆင့် မှတ်သားစရာများ၊ အတွေးသစ်၊ အမြင်သစ်များနှင့် ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များကို သိရှိလာကြမည် ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ဆွေးနွေး ကြသူများအနေဖြင့် ကိုဗစ်ကပ်ရောဂါ ကာလတွင် အိမ်မှာနေထိုင်ကာ ကပ်ရောဂါ ရှောင်တိမ်းနေသော စာဖတ်သူများအတွက် တန်ဖိုးရှိသည့်စာပေများကို ပိုမိုရေးသားနိုင်ကြမည်ဟု ထင်မြင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ ပြီး မူပိုင်ခွင့်အသိပညာပေး Video Clip ကို ပြသသည်။
ထို့နောက် စာပေမူပိုင်ခွင့် ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးမြင့်ထွန်းက “နည်းပညာခေတ်စာအုပ်ထုတ်ဝေမှု ပုံစံအပြောင်းအလဲနှင့် မူပိုင်ခွင့်ပြဿနာ” ခေါင်းစဉ်နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးသောင်းစုငြိမ်းက “စာပေနှင့် အနုပညာမူပိုင်ခွင့် ကာကွယ်ရေးနှင့် နည်းပညာ၏ အခန်းကဏ္ဍ” ခေါင်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာပေနှင့် အနုပညာ မူပိုင်ခွင့်နှင့် နည်းပညာဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးသောင်းစုငြိမ်းက ဦးဆောင်ဆွေးနွေး သူအဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌ(၁)ဦးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင် ဦးဇော်မင်းဦးနှင့် စာရေးဆရာမ လွန်းထားထားတို့က ပါဝင်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် အွန်လိုင်းမှချိတ်ဆက် တက်ရောက် နားထောင်ကြသူများက ၎င်းတို့သိရှိလိုသော မေးခွန်းများကို မေးမြန်းကြရာ စကားဝိုင်းဆွေးနွေးပွဲ ဟောပြောဆွေးနွေးသူများက ပြန်လည် ဖြေကြားကြသည်။
သတင်းစဉ်


