ကော့သောင်း၊ ၁၄ ဒီဇင်ဘာ

 

မြို့ကျက်သရေဆောင် ဘုရင့်နောင်ရုပ်တုကုန်းမြေ ဝန်းကျင်သည် ပါချန်မြစ်ဝမှတစ်ဆင့် သာယာလှပသည့် အပေါ်စီးရှုခင်းများအပြင် လေကောင်းလေသန့်ရရှိရာနေရာဖြစ်ရာ မြို့ခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးလေ့ကျင့်ခန်းများ လာရောက်ပြုလုပ်လျက်ရှိသည်ကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက တွေ့မြင်ရသည်။

 

အဆိုပါ ဗျူးပွိုင့်နေရာအား မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် အပန်းဖြေ ရင်ပြင်တည်ဆောက်ခြင်း၊ ကြွေပြားခင်းအလှဆင်ခြင်း၊ လမ်းမီးတိုင်များဖြင့် အလှဆင်ခြင်း၊ KAWTHAUNG အထိမ်းအမှတ် ရွှေရောင်သံမဏိပြား စာလုံးကြီးများတပ်ဆင်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများအား  လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ မြို့နေပြည်သူများ စိတ်လက်အေးချမ်းစွာ အပန်းဖြေနိုင်ကြရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ယခင်ကဲ့သို့ ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုများ ဆောင်ရွက်ခွင့်မရသဖြင့် ကျန်းမာရေးကို အလေးထားသည့် မြို့နေပြည်သူတချို့ ရောဂါထိန်းချုပ်မှု စည်းကမ်းချက်များနှင့်အညီ နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်များတွင် အစုအဖွဲ့လိုက် ကျန်းမာရေးလေ့ကျင့်ခန်းများ လာရောက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)