မြင်းမူ၊ ၁၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ် အောက်တိုဘာလမှစ၍ ဆောင်းသီးနှံအများအပြားကို မိမိရေမြေနှင့်ကိုက်ညီသည့် သီးနှံများကို ရွေးချယ်ကာ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးသီးနှံများ အထွက်နှုန်းပိုမိုရရှိရေးနှင့် ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာ လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ယခင်နှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးထွက်ရှိမှုမှာ ပုံမှန်သာရရှိခဲ့၍ ယခုဆောင်းသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက ပိုမိုအာရုံစိုက် ဆောင်ရွက်လာသည်နှင့်အညီ စိုက်ပျိုးသီးနှံများ ပိုမိုထွက်ရှိရေးနှင့် ဆောင်းသီးနှံများတွင် ကျရောက်တတ်သည့် သီးနှံဖျက်ပိုးမွှား အန္တရာယ်များနှင့် ပတ်သက်၍ ဒေသခံတောင်သူများ သိရှိလိုက်နာဆောင်ရွက်ရေးအတွက် ဒေသခံတောင်သူစိုက်ကွင်းများထိ သွားရောက်ကာ ရောဂါကျရောက်နိုင်သည့် ပိုးမွှားနှင့် မိမိသီးနှံထွက်ရှိရေးအတွက် အထောက်အကူပြုသည့် ပိုးမွှားများကို ခွဲခြားသိရှိနိုင်ရေး၊ စိုက်ခင်းများအတွင်း ဓါတုပိုးသတ်ဆေးများ အလွန်အကျွံမသုံးစွဲဘဲ အကုန်အကျသက်သာပြီး ပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေသည့် သဘာဝပိုးသတ်ဆေးရည်များ၊ သဘာဝအားဆေးရည်များနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနိုင်ရေးတို့အတွက် လက်တွေ့ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်သည့် ကုလားပဲ၊ မတ်ပဲ အပါအဝင် ပဲမျိုးစုံ ၃၆၄၀၇ ဧက၊ ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနှမ်း၊ ဆောင်းမြေပဲအပါအဝင် ၈၃၀၅၅ ဧက၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အခြားစားဖိုဆောင်သုံးသီးနှံ ၂၅၆၅ ဧကနှင့် အခြားသီးနှံများ ၃၇၁၂၆ ဧကအပါအဝင် ဆောင်းသီးနှံမျိုးစုံ ၁၅၉၁၈၅ ဧကကို ဒေသခံတောင်သူများက စိုက်ပျိုးလုပ်ကိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)


