၁၄ ဒီဇင်ဘာ
နယူးယောက်မြို့ မက်ဟန်တန်ရှိ ဘုရားရှိခိုးကျောင်း အပြင်ဘက် ခရစ္စမတ် ဖျော်ဖြေပွဲ တစ်ခုရှိ လူအုပ်စုအနီး ယမန်နေ့ မွန်းလွဲပိုင်းက သေနတ်သမား တစ်ဦးက ပစ်ခတ်မှုပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က ထိုသေနတ်သမားအား အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
နယူးယောက်မြို့ ရဲဌာနမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်ကြပ်ကြီး တစ်ဦးတို့သည် ထိုဖျော်ဖြေပွဲတွင် ရှိနေကြပြီး အဆိုပါ သေနတ်သမားနှင့် အပြန်အလှန် ပစ်ခတ်မှုပြုလုပ်ကာ ယင်းသေနတ်သမား၏ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
မြို့တော်အနောက် ၁၁၂ လမ်းနှင့် အမ်စတာဒမ်ရိပ်သာ လမ်းထောင့်ရှိ စိန်ဂျွန်းဘုရားကျောင်းအပြင်ဘက်၊ ကိုလံဘီယာ တက္ကသိုလ်နှင့် မလှမ်းမကမ်းတွင် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသေနတ်သမားသည် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပုံပေါ်ပြီး ဘုရားကျောင်း နံရံပေါ်တက်ပြီး သေနတ်ဖြင့် လက်လွတ်စပယ် စတင်ပစ်ခတ်နေခဲ့သည်ဟု မက်ဟတ်တန်ကောင်စီလူကြီး မက်ခ်လီဗင်းက ဆိုသည်။
၎င်းသေနတ်သမားသည် အသက် ၅၀ အရွယ်ခန့်ရှိကြောင်းနှင့် ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးခဲ့ပြီး အခြေအနေ စိုးရိမ်ရသဖြင့် ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြထားသည်။ ထို့နောက် St. Luke ဆေးရုံတွင် ယင်းသေနတ်သမား သေဆုံးသွားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရခြင်းမရှိဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို