ရန်ကုန်၊ ၁၄ ဒီဇင်ဘာ

 

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်နှင့် ဒလမြို့နယ်တို့သို့ ရန်ကုန်မြစ်အားဖြတ်ကာ ဆက်သွယ်တည်ဆောက်နေသော မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတားစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲကာ တည်ဆောက်လျက်ရှိပြီး လုပ်ငန်းအားလုံး၏ ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ စီမံကိန်းရုံးမှ သိရှိရသည်။

 

"အခုကတော့ ဒလတံတားစီမံကိန်းက အပိုင်းသုံးပိုင်းစလုံး ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ပင်မ တံတားအနေနဲ့ဆိုရင် ပြီးခဲ့တဲ့ နို၀င်ဘာလ နောက်ဆုံးအပတ်က ဘိုးပိုင်တစ်လုံးကို ကွန်ကရစ်လောင်းတာတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီအတွက် ပင်မတံတားမှာ ဘိုးပိုင် စုစုပေါင်း ၄၆ လုံးရှိတဲ့နေရာမှာ ဘိုးပိုင် ၂၇ လုံး ပြီးစီးပြီဖြစ်လို့ ကွန်ကရစ်လောင်းနေပြီဖြစ်ပါတယ်။ ဒီတံတားကြီးကို ကိုရီးယားနိုင်ငံရဲ့ တည်ဆောက်ရေး Quality Control အတိုင်း Quality မီ ခိုင်ခံ့ကောင်းမွန်သောတံတားကြီးတစ်စင်း ပေါ်ပေါက်လာဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာလည်း တည်ဆောက်ရေးလုပ်ငန်းမှာပါ၀င်နေတဲ့ လုပ်သားတွေ Safety ကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်အောင် ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဒီတံတားကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အားလုံးပြီးစီးအောင် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်"ဟု ဆောက်လုပ်ရေး၀န်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောပြသည်။

 

အဆိုပါတံတားကို မြတ်နိုးသူဆောက်လုပ်ရေးမှ တာ၀န်ယူဆောင်ရွက်နေသည့် ပထမအပိုင်းဖြစ်သော ဒလမြို့နယ် ရန်ကုန်မြစ်ဆိပ်ကမ်းအနီး ဗိုလ်မင်းရောင်လမ်းပေါ်၊ ဒလဘက်အခြမ်း ချဉ်းကပ်တံတားအပိုင်းတွင် ကမ်းကပ်ခုံ A 1 အပိုင်း Abutment Bored Pile တူးဖော်ခြင်း၊ ဘိုးပိုင်တူးဖော်ခြင်း၊ ချဉ်းကပ်တံတား Bored Pile တူးဖော်ခြင်း၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများပါ၀င်ပြီး  ထိုအပိုင်းတွင် Pile တိုင် ၁၄ ခုတည်ဆောက်ခြင်းနှင့် လေးလမ်းသွားတံတား ချဉ်းကပ်လမ်းတည်ဆောက်ခြင်းတို့ ပါ၀င်ကြောင်းသိရသည်။

 

အလားတူ ဒုတိယ ရန်ကုန်ဘက်ကမ်းအပိုင်းကို ရွှေတောင်ဆောက်လုပ်ရေးမှ တာ၀န်ယူတည်ဆောက်နေပြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းထိပ် ရန်ကုန်မြစ်ဘေးစီမံကိန်းနေရာတွင် Bored Pile တူးဖော်ခြင်း၊ ကွန်ကရစ်လောင်းခြင်းနှင့် သံမဏိသံခြင်းကြီးများချခြင်း လုပ်ငန်းများပါ၀င်ကာ စက်ယန္တာရားကြီးများဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။

 

ရန်ကုန်ဘက်ခြမ်း တံတားတည်ဆောက်ရေးတွင် ဒလဘက်မှ ဘုန်းကြီးလမ်းအတိုင်း နှစ်လမ်းမောင်း တံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း ရန်ကုန်မြို့တွင်း ဆူးလေဘုရားဘက်သို့ တစ်လမ်းမောင်းတံတားတစ်စင်း၊ ဒလဘက်မှ ကမ်းနားလမ်းအတိုင်း အလုံမြို့နယ်ဘက်သို့ တစ်လမ်းမောင်း တံတားတစ်စင်း စုစုပေါင်းတံတားသုံးစင်းဖြာဆင်းကာ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

တတိယအပိုင်း ပင်မတံတား၏ PY 1 နှင့် PY 2 ရေလယ်ပိုင်း ခန်းဖွင့်တာဝါတိုင်ကြီးနှစ်တိုင်နှင့် ကေဘယ်လ်ကြိုးဆိုင်းတံတားကို နိုင်ငံတကာအဆင့်မီ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော CCEC တရုတ် ကုမ္ပဏီမှ တည်ဆောက်နေခြင်းဖြစ်ပြီး နည်းပညာအားလုံးသည် နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်း အတိုင်း ကိုရီးယားနည်းပညာကိုအသုံးပြုပြီး ကေဘယ်လ်ကြိုးဆိုင်းတံတားဒီဇိုင်းဖြင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

 

တံတားကြီး၏ ရေလယ်ပိုင်း တာဝါတိုင်နှစ်တိုင်၏ အကွာအဝေးသည် မီတာ ၃၇၀ ခန်းဖွင့်အကျယ်ရှိကြောင်း သိရသည်။ တံတား၏ ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာရှိကာ ရေလယ်ပိုင်း ပင်မတံတားအရှည်သည် မီတာ ၆၉၀ ရှိပြီး စုစုပေါင်းတံတားရှည်သည် ၆၁၄၄ ပေရှိသည်။ ရေလမ်းကင်းလွတ်ခွင့်အမြင့်သည် ၄၉ မီတာ (၁၆၀ ပေ)ရှိသည်။ တံတားတွင် တစ်ဖက်လျှင် ၄ မီတာအကျယ် လူသွားပလက်ဖောင်းပါရှိကြောင်း သိရသည်။

 

တံတားစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း အကုန်ကျခံကာ ကိုရီးယားနိုင်ငံမှ EDCS ချေးငွေ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြင့် ရယူ၍ နှစ် ၄၀ ချေးငွေဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။ Main ကန်ထရိုက်တာသည် ကိုရီးယားနိုင်ငံ၏ GS Engineering Group မှ အဓိကတာ၀န်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာန မှ သိရှိရသည်။

 

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ-မျိုးကြီး

 

mdn