နမ့်ခမ်း၊ ၁၄ ဒီဇင်ဘာ 
      
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများက နွေစပါးစိုက်ပျိုးနိုင်ရန် စပါးပျိုးပင်များကို စတင်ပျိုးထောင်လျက်ရှိသည်။

နွေစပါးစိုက်ပျိုးရန်အတွက် ရေလုံလောက်စွာ သွယ်ယူရရှိနိုင်သည့် လယ်ကွက်များ၌ နွေစပါးကို ဦးစားပေး စိုက်ပျိုးလျက်ရှိရာ နွေစပါးစိုက်ပျိုး၍မရနိုင်သည့် လယ်ကွက်များတွင် ပြောင်း၊ ဖရဲ၊ ဖရုံ၊ သခွား၊ ဂျုံ စသည့် ဆောင်းသီးနှံများ စိုက်ပျိုးကြသည်။ နမ့်ခမ်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဦးက "နွေစပါးအတွက် ပျိုးပင်တွေကို ဆောင်းတွင်းမှာ စပျိုးရတဲ့ အတွက် ပျိုးသက်ရက်ပေါင်း ၅၀၊ ၆၀ ရက်ရှိမှ ပျိုးပင်များ နုတ်ယူစိုက်ပျိုးလို့ရတယ်၊ ပျိုးပင်တွေ ကောင်းမွန်စေရန် ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး မြေပြင်ခြင်း၊ ပျိုးဘောင်ပြင်ခြင်း၊ စပါးမျိုးစေ့ကြဲပြီး အအေးဒဏ် ကာကွယ်နိုင်ရန် ပလတ်စတစ်အမိုးကာခြင်း၊ ရေသွင်းရေထုတ်ခြင်း၊ လေဝင်လေထွက် အတွက် မိုးကာကို ရက်ခြားပြီး အဖွင့်အပိတ်လုပ်ပေးခြင်း၊ ဓာတ်မြေသြဇာ ကျွေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးရတယ်၊ တောင်သူများအား စိုက်ပျိုးရေးအသိပညာများကို အခါအားလျော်စွာ ပြုလုပ်ပေးနေပါတယ်" ဟု ပြောပြသည်။ 

နမ့်ခမ်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် နွေစပါးစိုက်ဧကပေါင်း ၂၉၀၀ ကျော်ရှိပြီး လာမည့် ၂၀၂၁ ခုနှစ်၊ နွေရာသီအချိန်တွင် ရေနည်းခြင်း၊ ဝင်ငွေတွက်ခြေကိုက်သည့် အခြားဆောင်းသီးနှံများ စိုက်ပျိုးလာခြင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံမှ အသွားအလာ တင်းကြပ်ထားရှိသဖြင့် ဒေသစိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းဝယ်၍မရခြင်းတို့ကြောင့် နွေစပါးစိုက်ဧက လျော့နည်းနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)