မိုးညို၊ ၁၄ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၂၁၆ သန်း အသုံးပြုကာ ကျေးရွာ ၁၂ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိုးညိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက်  ဦးစာပေးဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် မိုးညိုမြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာတွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၄ သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၇၂ သန်း၊ စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ၁၂ ခု၊ ဂါလန် (၂၄၀၀)ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ၁၂ ခုနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၁၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာယမင်းထိုက် ပြောပြချက်အရ သိရသည်။

 

အဆိုပါ ကျေးလက်ရေပေးရေး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၂ ရွာရှိ အိမ်ခြေ ၁၃၇၈ အိမ်၊ လူဦးရေ ၅၂၈၁ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

 

ကျော်ဦး