ရွှေဘို ၊ ၁၄ ဒီဇင်ဘာ

      

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ယာယီဆေးရုံ၌ ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ ခုနစ်ယောက်နှင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာကုသဆောင်(ICU-2) မှာ ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦး စုစုပေါင်း ရှစ်ဦးကို  ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံဆင်းခွင့်ပေးလိုက်ကြောင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသက်လျာအောင်၏ ပြောပြချက်အရ သိရသည်။

 

ဆေးရုံဆင်းခွင့်ရသူများသည် ရွှေဘိုမြို့နယ် ဘိုးတော်တောကျေးရွာမှ သံဃာ နှစ်ပါး၊ အမျိုးသမီး နှစ်ဦး၊ ညောင်ပင်သာကျေးရွာမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ရှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရသူများအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်တွေနှင့်အညီ ကျောင်းတိုက်နှင့် နေအိမ်များမှာ (၇) ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ပြောပြသည်။ ရွှေဘိုမြို့နယ်၌ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းအထိ အတည်ပြုလူနာ ၁၃၉ ယောက်ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူမှားမှာ  ၄၄ ဦး ရှိကြောင်း သိရသည်။

 

 ထွန်းမြင့်အောင်(ရွှေဘို)