ဖာပွန်၊ ၁၄ ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာရှိ ကြံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ယခုနှစ်တွင် ကြံထွက်ရှိမှုနှုန်း နည်းသော်လည်း ကြံသကာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လျက်ရှိရာ ကြံသကာများ စျေးကောင်းရရှိလျက်ရှိကြောင်းကို ကြံစိုက်ပျိုးပြီး ကြံသကာချက်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

 

ဖာပွန်မြို့နယ်တွင် ကြံစိုက်ပျိုးခြင်းလုပ်ငန်းအား ဒီဇင်ဘာလ ပထမအပတ်တွင်စတင် လုပ်ကိုင်ပြီး ကြံစိုက်ခင်းမှ ထွက်ရှိလာသည့် ကြံများကို ကြံသကာချက်လုပ်၍ ဖာပွန်မြို့တွင်သာ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 

ယခင်နှစ်က ဖာပွန်မြို့တွင် ကြံသကာစျေးနှုန်း တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ်အထိသာ ရရှိပြီး ယခုနှစ်တွင် တစ်ပိဿာ (၂၀၀၀)ကျပ်အထိ ရရှိကြောင်း၊ အဆိုပါကြံများအား သိကြားစက်သို့ တင်ပို့ရောင်းချမည်ဆိုလျှင် စျေးကွက်၌ ပိုမိုအဆင်ပြေနိုင်ကြောင်း၊ ဖာပွန်မြို့တွင် သိကြားစက်ရုံ မရှိသည့်အတွက် ကြံသကာသာချက်လုပ်၍ ရောင်းချလျက်ရှိကြောင်း ဒေသခံကြံစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။ ဖာပွန်မြို့နယ်တွင် ကြံစိုက်ပျိုးသည့် စိုက်ခင်းဧက (၇၆၀)ခန့်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ စောအောင်မျိုးလွင် (ပြန်/ဆက်)

 

mdn