ရန်ကုန်၊ ၁၄ ဒီဇင်ဘာ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ဝါးတန်း-ဒလ ယာဉ်ကူးတို့လမ်းအား နေ့စဉ် ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း မြစ်၀ကျွန်းပေါ်ဌာနခွဲမှ သိရသည်။
“ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ပြေးဆွဲနေပါတယ်။ ဧပြီလထဲက ကားအနည်းအများပေါ် မူတည်ပြီး ပုံမှန်ပြေးဆွဲတယ်။ ခေါက်ရေပဲ အပြောင်းအလွဲရှိတယ်။ ဒါ့ပြင် ခရီးသည်ခ၊ ယာဉ်ခ၊ ကုန်တန်ဆာခများကို သတ်မှတ်ကြေညာထားသည့် နှုန်းထားထက် ပိုမိုတောင်းပါက တိုင်ကြားနိုင်ပါတယ်” ဟု မြစ်၀ကျွန်းပေါ် ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ(မြစ်၀) ဦးလှ၀င်းနိုင်က ပြောသည်။
အဆိုပါယာဉ်ကူးတို့လမ်းသည် နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိ နှစ်စီးအသုံးပြု၍ ရောက်ထွက်စနစ်ဖြင့် ပျမ်းမျှ အသွား၊ အပြန် ကိုးခေါက် ပြေးဆွဲပေးလျက်ရှိပြီး မော်တော်ယာဉ်များ စုပုံနေသည့်အခါတွင် ခေါက်ရေတိုး၍ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဒလမှ ဝါးတန်းသို့ ယာဉ်ကူးတို့ဖြင့်လိုက်ပါမည့် ယာဉ်များအား ဆိပ်ကမ်းတံတား ဖြတ်သန်းခအဖြစ် ယာဉ်တစ်စီးလျှင် အခြေခံနှုန်းထား ၁၀၀ ကျပ်မှ စတင်၍ ယာဉ်အကြီးအသေး အမျိုးအစားပေါ် မူတည်ကာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာနမှ ကောက်ခံလျက်ရှိပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနအနေဖြင့် ခရီးသည်ခနှင့် ယာဉ်ခကို ရေယာဉ်ပေါ်တွင်သာ တာဝန်ကျဝန်ထမ်းကိုယ်တိုင် လိုက်လံ၍ ယာဉ်တစ်စီးခြင်းစီအလိုက် ကောက်ခံလျက်ရှိသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ ဧရာ၀တီတိုင်းဒေသကြီးသို့ ပြေးဆွဲလျက်ရှိသော ခရီးသည်သင်္ဘောများ ကိုဗစ်ရောဂါကာလအတွင်း ရပ်နားထားပြီး တစ်ပတ်တစ်ကြိမ် ကုန်စည်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
အာကာစိုး၊ ဓာတ်ပုံ- တင်စိုး


