၁၄ ဒီဇင်ဘာ

 

 

အက်သလက်တီကိုအသင်း ကွင်းလယ်လူ ကိုကီက မက်ဒရစ်ဒါဘီမှာ ရီးယဲလ်အသင်းက သူတို့ (အက်သလက်တီကို) အသင်းထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် အခုထိ လာလီဂါ အမှတ်ပေးဇယားကို အက်သလက်တီကိုအသင်းကသာ ဦးဆောင်ထားဆဲဖြစ်ကြောင်း ဆိုလိုက်ပါတယ်။

 

 

အက်သလက်တီကိုဟာ ရီးယဲလ်မက်ဒရစ်ကို ကတ်စမဲရိုးရဲ့ သွင်းဂိုးနဲ့ ဂိုးသမားအော်ဘလက်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကြောင့် နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခု ရှုံးပွဲကြောင့် အက်သလက်တီကိုဟာ နောက်ဆုံးလိဂ် ၂၆ ပွဲ ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားခဲ့ပေမယ့် လာလီဂါမှာ ရီးယဲလ်မက်ဒရစ်ထက် တစ်ပွဲလျော့ကစားပြီး ရမှတ်သုံးမှတ်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

 

 

ကိုကီက “ခက်ခဲပြီး မာကျောလွန်းတဲ့ ပွဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ပထမပိုင်းကစားပုံဟာ ကျွန်တော်တို့အသင်းထက် များစွာသာလွန်ခဲ့ပြီး ဒါက ပွဲတစ်ခုလုံးရဲ့ အဖြေဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစားလဲမှုတွေနဲ့ အကောင်းမွန်ဆုံး ကစားနိုင်ခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်တော့ မရခဲ့ပါဘူး။ ဒါက ကစားပွဲတွေရဲ့ သဘောသဘာဝပါပဲ” လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

 

ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကတော့ ယခုသီတင်းပတ်အတွင်း ဆီဗီလာ၊ မိုချန်ဂလာဘတ်နဲ့ အက်သလက်တီကိုတို့လို ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ပြီး သုံးပွဲလုံး အနိုင်ရရှိခဲ့တာကြောင့် ရလဒ်ကောင်းတွေကို ဆက်လက်ထိန်းသွားဖို့ ကြိုးစားမှာဖြစ်ကြောင်းနဲ့ သူ့အသင်းသားတွေဖြစ်တဲ့ မိုဒရစ်၊ တိုနီခရူးစ်နဲ့ ဘန်ဇီးမားတို့ရဲ့ ခြေစွမ်းတွေက အထူးကောင်းမွန်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါဖလားကို အကောင်းဆုံး စိန်ခေါ်နိုင်တဲ့ အသင်းက အက်သလက်တီကို ဖြစ်နေဆဲလို့ ဆိုခဲ့ပါတယ်။

 

 

မေလဲ့သင်း