၁၄ ဒီဇင်ဘာ

 

 

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဖလားသုံးလုံး အောင်မြင်မှုမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ခြေစွမ်းက အဓိကကျခဲ့ပြီး ဒီလို စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခံရဖို့ ဖီဖာက ပေးအပ်မယ့် ကမ္ဘာ့အကောင်းဆု ကစားသမားဆုကို လီဝန်ဒေါစကီးသာ ရသင့်ကြောင်း ဘိုင်ယန်နည်းပြ ဟန်စီဖလစ်က ဆိုပါတယ်။

 

 

ဆန်ခါတင်သုံးဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ စီရိုနယ်လ်ဒို၊ မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ ပါဝင်နေပြီး မက်ဆီနဲ့ စီရိုနယ်လ်ဒိုဟာ ဒီစာရင်းရဲ့ ဆန်ခါတင်စာရင်းမှာ အကြိမ်ကြိမ်အခါခါ ပါဝင်နေကျဖြစ်သလို ဖီဖာကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အကြိမ်ကြိမ် ရရှိခဲ့တဲ့ ကစားသမားနှစ်ဦးလည်း ဖြစ်ပါတယ်။

 

 

ဒါပေမယ့် လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက တစ်ရာသီလုံး သွင်းဂိုး ၆၀ သွင်းယူနိုင်ခဲ့ပြီး အဲဒီထဲကမှ ၃၉ ဂိုးဟာ ဘွန်ဒက်စ်လီဂါပွဲမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံရာလမ်းကြောင်းမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း  နည်းပြ ဖလစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လီဝန်ဒေါစကီးထက် ပိုကောင်းတဲ့ ကစားသမားဆိုတာ မရှိခဲ့ဘဲ ပြိုင်ဘက်အသင်းတိုင်းကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်မှာ ဖလားဆွတ်ခူးခဲ့ခြင်းက ဒီအချက်ကို သက်သေပြခဲ့ပြီးဖြစ်ကြောင်း ဆိုပါတယ်။

 

 

ဖီဖာအကောင်းဆုံး ကစားသမားဆုပေးပွဲကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး မက်ဆီ၊ စီရိုနယ်လ်ဒိုတို့သာ လွှမ်းမိုးထားတဲ့ ဒီဆုကို မိုဒရစ်ပြီးရင် လီဝန်ဒေါစကီးက ကြားဖြတ်ရယူနိုင်ဖို့ အလားအလာ ကောင်းနေတယ်လို့ ခန့်မှန်းရမှာဖြစ်ပါတယ်။

 

 

မေလဲ့သင်း