မန္တလေး၊ ၁၄ ဒီဇင်ဘာ
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၆၀)ရှိ မောင်းထောင်ဝင်းဓမ္မာရုံ၌ ပြုလုပ်သည်။
စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၆၀)၊ ၁၅ လမ်းနှင့် ၈၁ လမ်းထောင့်နေ အလှူရှင် ဦးမြင့်ဝေနှင့်ဇနီး ဒေါ်ခင်မိုးနွယ်(မြင့်မိသားစု ကုမ္ပဏီလီမိတက်) မိသားစုမှ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၁၀) အတွင်းရှိ ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်း စားအိမ်ထောင်စု ၈၀၀စုအတွက် စုစုပေါင်းတန်ဖိုး ၆၈၆၀၀၀၀ ကျပ်ရှိသော ဆန်(၃)ပြည်ပါ အိတ် ၈၀၀ အိတ်၊ ဆီ(၅၀) ကျပ်သားပါ ဘူး ၈၀၀ ၊ ဆား ၄၀ ကျပ်သားပါအထုပ် ၈၀၀ တို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ထောက်ပံ့လှူဒါန်းရာ ရပ်ကွက်နေပြည်သူများကိုယ်စား ပြည်လုံးချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့်ရာအိမ်မှူးများက လက်ခံရယူပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါအလှူရှင်မိသားစုမှ ထောက်ပံ့လှူဒါန်းသော စားသောက်ကုန်ပစ္စည်းများအား အိမ်ထောင်စု(၈၀၀) စုအတွက် အိမ်ထောင်စုတစ်စုလျင်ဆန်(၃)ပြည်၊ ဆီ(၅၀)ကျပ်သားနှင့် ဆား၄၀ကျပ်သားတို့အား ပေးဝေရာတွင် လူစုလူဝေးမဖြစ်ပွားစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အိမ်တိုင်ရာရောက် လိုက်လံပေးဝေ ခဲ့ကြကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)


