နေပြည်တော်၊  ၁၄  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်းလက်အောက်ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံး အဆောက်အဦများအတွက်  အသုံးစရိတ်များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးသည် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခွဲဝေချထားပေးသော ဌာနဆိုင်ရာ သင်တန်းများ၊ ရုံးအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များကို သက်ဆိုင်ရာ လက်အောက်ခံ မြို့နယ်များသို့ ခွဲဝေချထားပေးရာတွင် သင်တန်းများနှင့်စပ်လျဉ်း၍ တိုင်းဦးစီးမှူးရုံး အထွေထွေအသုံးစရိတ်အဖြစ် (၂)ရက်သင်တန်း တစ်ခုလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်း၊ (၅)ရက် သင်တန်းတစ်ခုလျှင် ငွေကျပ် ၅၀၀၀၀/- နှုန်းဖြင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်မှတစ်ဆင့် တောင်းခံခဲ့ပြီး တိုင်ကြားသည့်အခါ အဆိုပါ တောင်းခံရယူခဲ့သည့် ငွေကျပ် (၁၅)သိန်းကို သက်ဆိုင်ရာမြို့နယ်များသို့ မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ပြန်လည်လွှဲပေးခဲ့သည်။

 

ယင်းနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေစကြိုမြို့နယ်ရုံး အဆောက်အဦ ပြုပြင်ရန်အတွက် နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၈၀)မှ ငွေကျပ် (၂၅)သိန်းပေးရန် ဒေါ်သန္တာဆင့်မှတစ်ဆင့် တောင်းခံခဲ့ပြီး ရေစကြိုမြို့နယ် ဦးစီးမှူးက လွှဲပေးသော ငွေကျပ် (၅)သိန်းအား လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်သည်လည်း ငွေကျပ် ၂၀၀၀၀၀/-ကို လက်ခံရယူခဲ့ကြောင်းနှင့် ဒေါက်တာမောင်မောင်စိုးဦး အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တိုင်းဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရဲစခန်းတွင် ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ  သိရသည်။

 

(သတင်းစဉ်)