ရန်ကုန်၊  ၁၄  ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ် (YPS) အသုံးပြုလျက်ရှိသော YBS ယာဉ်ကြီးများတွင် ကားပေါ်အတက်၌ တစ်ကြိမ်သာငွေဖြတ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခရီးသွားပြည်သူတွေရဲ့ တောင်းဆိုမှုအရ စက်နှစ်ခါဖြတ်ရတာကို တစ်ကြိမ်တည်းဖြတ်တာနဲ့ ပြန်ချိန်းပေးတာပါ။ ခရီးသွားတွေရော ဘတ်စ်ကားကုမ္ပဏီတွေကရော သူတို့တောင်းဆိုမှုအရ တစ်ကြိမ်တည်းဖြတ်ဖို့ ပြန်လုပ်ပေးတာပါ။ အခုကတ်သုံးနေတဲ့ ယာဉ်လိုင်းတွေကို တစ်လိုင်းပြီးတစ်လိုင်း လုပ်ပေးသွားမှာပါဟု အေရှားစတားမား၏ ဈေးကွက်မြှင့်တင်ရေး အရာရှိချုပ် ဒေါ်ရီရီခင်က ပြောသည်။

 

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်(YPS)ကို တစ်ကြိမ်သာငွေဖြတ်နိုင်ရန် ဒီဇင်ဘာ ၁၄ ရက်မှစ၍ YBS 14, 38, 12, 25, 30 ယာဉ်လိုင်းများတွင် အသုံးပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ရက်အထိ ယာဉ်လိုင်းများအလိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဘတ်စ်ကားအတက်တွင် တစ်ကြိမ်သာငွေဖြတ်ရန် လိုတော့သည့် ယာဉ်လိုင်းများနှင့် စတင်ဝန်ဆောင်မှုရရှိနိုင်မည့် နေရက်များကို YPS facebook page တွင် ဖော်ပြထားကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်း ၁၂ လိုင်းတွင် ဇူလိုင် ၂၁ ရက်နေ့ မှစ၍ ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ် အသုံးပြုခဲ့ပြီးနောက် ဩဂုတ် ရက်၌ ယာဉ်လိုင်းပေါင်း ၂၁ လိုင်း၊ ယာဉ်အစီးရေ ၇၀၀ ကျော်တွင် ထပ်မံသုံးစွဲနိုင်ခဲ့ရာ ယခုအခါ YPS ကတ်အသုံးပြုနိုင်သော ယာဉ်အစီးရေ ၁၂၉၈ စီးရှိပြီး မကြာမီကာလအတွင်း ယာဉ်အစီးရေ ၁၆၀၀ ခန့်အထိ တိုးမြှင့်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်များကို g and g အရောင်းဆိုင်များနှင့် ဆူးလေ၊ သမိုင်း၊ တာမွေတို့ရှိ ကတ်အရောင်းနှင့် ဝန်ဆောင်မှုစင်တာများတွင် လည်းကောင်း၊ အခြား လူသွားလူလာ များပြားသောနေရာများ၌ ဖွင့်လှစ်ထားသော YPS ကတ် အရောင်းဆိုင်များ၌လည်းကောင်း ဝယ်ယူအသုံးပြုနိုင်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း (ကမာရွတ်)

ဓာတ်ပုံ - လင်းညွန့်

 

IMG_20201207_070600