နေပြည်တော်၊ ၁၄ ဒီဇင်ဘာ
ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယခုလက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များဆောင်ရွက်ရာ၌ လိုအပ်ချက်အရ နည်းဗျူဟာများ ပြောင်းလဲ ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေးအဖြစ် ပြည်သူလူထု ကြားတွင် ပိုမိုထိရောက်သည့်နည်းလမ်းများဖော်ဆောင်ရန်ဖြစ်ကြောင်း၊ အောက်ခြေတွင် လက်တွေ့ဆောင်ရွက်နေကြသူများက အခက်အခဲ စိန်ခေါ်မှုများကို ပိုမိုသိရှိပြီး လိုအပ်သော လက်တွေ့ကျကျ ချိတ်ဆက်ဆောင်ရွက်မှုများအတွက် အကြံပြုကြရန်ဖြစ်ကြောင်း၊ နေပြည် တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက် ပံ့ပိုးကူညီရန် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ချမှတ်ထားသော မဟာဗျူဟာနှင့်အညီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ လူမှုအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း။
နည်းဗျူဟာများ ပြောင်းလဲဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု အခြေပြု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်ဖြင့် ဆောင်ရွက်နိုင်ရန် ရောဂါအဖြစ်များသည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှု များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့တွင် စေတနာ့ဝန်ထမ်းနည်းပြသင်တန်း ရရှိပြီးသူများ ၊ စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းရရှိပြီးသူများ၊ အရေးပေါ်ယာဉ်မောင်းများ ပညာပေးသင်တန်း ရရှိပြီးသူများ ရှိပါကြောင်း၊ အဆိုပါအင်အားများကို ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းများအဖြစ် စနစ်တကျ ပါဝင်နိုင်အောင် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် စနစ်တကျ ချိတ်ဆက်နိုင်မည့် နည်းလမ်းများနှင့် အကောင်အထည်ဖော်မည့်နည်းလမ်းများကို ဖော်ထုတ်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ပညာပေးနှင့် ပတ်သက်၍ ပြောင်းလဲ ကျင့်သုံးလာသည့် နည်းဗျူဟာများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပြည်သူလူထုခံစားရမှုများကို သက်သာစေရန်နှင့် လိုအပ်ချက်အရ ချိတ်ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်အဖြစ် မြန်မာနိုင်ငံဆရာဝန် အသင်းက ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပြောင်းလဲဆောင်ရွက်လျက်ရှိသော ပြည်သူလူထု အခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းစဉ်အောင်မြင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး ကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ဆောင်ရွက်နိုင် မည့် နည်းလမ်းများ၊ အကြံဉာဏ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး အထူးစီမံချက်ကို ပြည်သူလူထုအခြေပြု ကိုဗစ်ကပ်ရောဂါဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်နှင့် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းများ၏ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်မှုများဖြင့် အောင်မြင် အောင် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လတ်တလောတွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဆောင်ရွက် နေသော်လည်း ရေရှည်တွင် ရပ်ကွက်/ကျေးရွာများအထိ လူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာ များအကောင်အထည်ဖော်ခြင်းများတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့အပြင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များတွင်လည်း စွမ်းရည်မြှင့်တင်မှုများ၊ ပံ့ပိုးကူညီ မှုများ ဖြင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်းနှင့် ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့မှ လူမှုရေးဝန်ကြီးများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ လူငယ့် ရေးရာကော်မတီဝင်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


