နေပြည်တော်၊ ၁၄ ဒီဇင်ဘာ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် အာဆီယံ + ၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN +3 Macroeconomic Research Office-AMRO) မှ Mission Chief ဖြစ်သူ Dr. Lee Lae Young ဦးဆောင်သော အဖွဲ့နှင့် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးစဉ် ဒုတိယဝန်ကြီးက AMRO မှ ဒေသဆိုင်ရာစီးပွားရေး သုံးသပ်ချက်များနှင့် နည်းပညာအကူအညီ ပေးမှုများ၊ သင်တန်းများ ခေါ်ယူပို့ချပေးခြင်းများအတွက် ကျေးဇူးတင်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို မူလက ၇ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းခဲ့သော်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ၃ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကုစားမှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အစီအမံများရေးဆွဲ၍ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ ADB, IMF, JICA တို့ထံမှ ချေးငွေ အထောက်အပံ့များရယူပြီး ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ G20 နိုင်ငံများမှ ကြွေးမြီပေးဆပ်ခွင့် ဆိုင်းငံ့ပေးမှုကိုလည်း ရယူခဲ့ပါကြောင်း၊ COVID-19 Economic Relief Plan (CERP) ကို စတင်ရေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ကာလအလွန် အတွက်ကိုပါ ထည့်သွင်းစဉ်းစား၍ မြန်မာ့စီးပွားရေး ခိုင်မာရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (Myanmar Economic Resilience and Reform Plan – MERRP) ကို ရေးဆွဲ ပြင်ဆင်လျက်ရှိပါကြောင်း၊ MERRP သည် MSDP ၊ CERP တို့နှင့် ချိတ်ဆက် ရေးဆွဲထားခြင်းဖြစ်ပြီး မေခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်မှု၊ အားလုံးပါဝင်နိုင်မှုအား ဦးစားပေးခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍတို့တွင် ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းတို့အပေါ် အလေးပေး ရေးဆွဲထားပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် AMRO Mission Chief ဖြစ်သူ Dr. Lee Lae Young က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများ ရှိခဲ့သော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမရှိဘဲ ကျပ်ငွေတန်ဖိုး တည်ငြိမ်မှုရှိခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်မှုရှိခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းခဲ့ခြင်းတို့ကို လေ့လာတွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ တိုးတက်များပြားလာသော်လည်း တစ်ဖက်တွင်မူ ပြန်လည်ကျန်းမာပြီး ဆေးရုံဆင်းသည့်အရေအတွက် တိုးလာခြင်းမှာလည်း ကောင်းမွန်သည့် အခြေအနေဖြစ်ပါကြောင်း၊ AMRO Mission အတွင်း မြန်မာနိုင်ငံ၏ မေခရိုစီးပွားရေး အခြေအနေနှင့် ငွေရေးကြေးရေးဆိုင်ရာ တိုးတက်မှုအခြေအနေများအပေါ် လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် သွင်းကုန်/ပို့ကုန်များ တိုးတက်လာဖွယ်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံမှ သင်တန်းသားများကိုလည်း AMRO ရုံးသို့ ဆက်လက်ခေါ်ယူ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


