နေပြည်တော် ၁၄  ဒီဇင်ဘာ

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား(၁၂၀)နှင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာနိုင်ငံသား (၄၇) ဦးပါဝင်သည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၆၇) ဦးအား ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ထို့ပြင်  အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ရီယာဒ်မြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၁ဝ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် မြန်မာနိုင်ငံသား သ‌င်္ဘောသားအများစုနှင့် ဆော်ဒီအာရေဗျမှ မြန်မာနိုင်ငံသား(၄)ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ (၆၃)ဦး၊ အီဂျစ်မှ (၉)ဦး၊ ဗြိတိန်မှ (၁၀)ဦး၊ တောင်အာဖရိကမှ (၆)ဦး၊ နယ်သာလန်မှ (၃)ဦး၊ ဘရာဇီးမှ (၃)ဦး၊ တန်ဇင်နီးယားမှ (၄)ဦး၊ မော်လဒိုက်မှ (၅)ဦး၊ အီသီယိုးပီးယားမှ (၄)ဦး၊ ပါကစ္စတန် မှ (၃)ဦး၊ အီရန်မှ (၉)ဦး၊ ပြင်သစ်မှ (၂)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၅)ဦး လိုက်ပါခဲ့ ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇) ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ 

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn