တိုကျို၊ ၁၅ ဒီဇင်ဘာ  

 

၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ် စံချိန်တင် မြင့်မားလာနိုင်ပြီး ဒေါ်လာ ၅၁ ဘီလီယံခန့်အထိ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

 

ဂျပန်အစိုးရက ဘတ်ဂျက်အစီအစဉ်များ ရေးဆွဲခြင်းမပြုမီ ယခုလကုန်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီး ဌာနသည် ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်တောင်းခံရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ရေးအသုံးစရိတ်ထဲတွင် Aegis အမျိုးအစား ဖျက်သင်္ဘော နှစ်စင်းတည်ဆောက်ရန်အတွက် သုတေသန ရန်ပုံငွေထည့်ဝင်မည့် အစီအစဉ်လည်းပါဝင်ပြီး အဆိုပါ သင်္ဘောများကို မြေပြင်အခြေစိုက် Aegis Ashore ဒုံးကျည်ကာကွယ်ရေး စနစ်ချထားမည့် အစီအစဉ်နေရာတွင် အစားထိုး တည်ဆောက်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

 

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဂျပန်အစိုးရက နိုင်ငံကိုကာကွယ်သည့်အနေဖြင့် အဆိုပါ ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် Aegis Ashore  ဒုံးကျည်ကာကွယ်ရေးစနစ်များ ချထားမည့်အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အဟုန်မြှင့်ဒုံးစက်များကို သတ်မှတ်ဧရိယာအတွင်း ပြန်ကျလာအောင် ထိန်းချုပ်သည့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ် ချထားမည့်အစီအစဉ်ကို အစိုးရက ပယ်ဖျက်လိုက်သည်။

 

လက်ရှိတောင်းခံနေသည့် ကာကွယ်ရေး အသုံးစရိတ် ထဲတွင် ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ အက်ဖ် ၂ ဂျက်လေယာဉ်များနေရာတွင် အစားထိုးမည့် လေယာဉ်များအတွက် ကုန်ကျစရိတ်လည်း ပါဝင်သည့်အပြင် အာကာသဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ထောက်လှမ်းရေးဂြိုဟ်တုပုံစံ ရေးဆွဲမှု ကုန်ကျစရိတ်များကိုပါ ထည့်သွင်းမည်ဖြစ်ရာ လာမည့် ၂၀၂၁ ခုနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်မှာ လက်ရှိအသုံးစရိတ် ထက် အမေရိကန်ဒေါ်လာ ၁ ဒသမ၃ ဘီလီယံ ပိုလာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

 

အင်န်အိတ်ချ်ကေ