ကော့ကေးဆပ်၊ ၁၅ဒီဇင်ဘာ

 

နာဂေါ်နို - ကရာဘတ်ဒေသတွင် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်လက ရုရှား၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည်။

 

သို့သော်လည်း သဘောတူညီမှုရရှိခဲ့ပြီး မကြာခင်မှာပင် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို ချိုးဖောက်လျက်ရှိသည်ဟု တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲလျက်ရှိကြောင်း သိရသည်။

 

အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက အဇာဘိုင်ဂျန်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လာကာ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ သို့ရာတွင် အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီး ဌာနက ၎င်း၏တပ်ဖွဲ့များသည် အာမေးနီးယားဘက်မှ ရန်စတိုက်ခိုက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း နှစ်ဖက်စလုံးမှ သေဆုံးထိခိုက်မှုများရှိကြောင်း အဇာဘိုင်ဂျန် နှင့် အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

 

အငြင်းပွားဒေသ၌ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့များ ချထားသည့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်မှုရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ဒီဇင်ဘာ ၁၂ ရက်က သဘောတူညီမှုဆက်လက် တည်တံ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ဆင်ဟွာ