၁၅ ဒီဇင်ဘာ
တောင်အာဖရိကသမ္မတ က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကူးစက်မှုအဖြစ် ကြေညာခဲ့ပြီး အားလပ်ရက်ရာသီတွင် ကမ်းခြေအချို့ကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
သမ္မတ Cyril Ramaphosa က ကမ်းခြေများကို ဇန်နဝါရီ အစောပိုင်းအထိ ပိတ်ထားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ သမ္မတက ညမထွက်ရ အမိန့်ကိုလည်း သက်တမ်းတိုးမြှင့်ခဲ့ပြီး စားသောက်ဆိုင်များနှင့် ဘားများကို ည ၁၀ နာရီတွင် ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။
ယခုအချိန်သည် နွေရာသီအားလပ်ရက် ရာသီသို့ ဝင်ရောက်ချိန်ဖြစ်နေပြီး ကမ်းခြေများတွင် လူငယ်များနှင့် ပြည့်ကျပ်နေခဲ့သည်။ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှုများ မြင့်တက်လာသည်။
သမ္မတက ရောဂါကူးစက်မှုဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အပြည့်အဝ လုပ်ဆောင်ရန် ပြည်သူများအား တိုက်တွန်းပြောကြားကာ ကူးစက်မှု ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ပိုမိုပြင်းထန်နိုင်ကြောင်း သတိပေး ပြောကြားလျက်ရှိသည်။
နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် ခြောက်လကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာတွင် နယ်စပ်ဒေသများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို