ညောင်ဦး၊ ၁၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း ရိုးရာအိုးလုပ်ငန်း အမြဲလုပ်ကိုင်နေသည့် တောင်ကုန်းကျေးရွာမှ ဦးမြင့်ဆွေက ပြောသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်ရှိပြီး တစ်ရွာလုံးနီးပါး ရိုးရာအိုးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး ရပ်တည် နေကြကြောင်းသိရသည်။
အိုးလုပ်ငန်းသုံးမြေသား အချွဲ၊ မြေသားအကြမ်း နှစ်မျိုးသာ လိုကြောင်း မေအမျိုးအစား လည်း တောင်ကုန်းကျေးရွာတောင်ဘက် နှစ်ဖာလုံအကွာနှင့် ကျောက်ပန်းတောင်း မြို့နယ် ကမ်းဖြူကျေးရွာမြောက်ဘက် သွားရောက်မြေတူးယူခြင်း၊ မြေ ဖောကားတစ်စီး ကျပ်ငါးသောင်းဖြင့်ဝယ်ယူခြင်းတို့ဖြင့် အိုးလုပ်ရန်မြေသားစုဆောင်း ထားကြကြောင်း သိရသည်။
အိုးလုပ်ငန်း စတင်လုပ်ကိုင်သည့် နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလများသည် အိုးလုပ်ငန်းလှိုင်လှိုင်လုပ်ကိုင်သည့် လများဖြစ်ပြီး ညောင်ဦးမြို့နယ် တောင်ကုန်းကျေးရွာ ထွက် ပြာသိုသောက်ရေးအိုးနှင့် ထန်းဆွဲမြူအိုးတို့မှာ နာမည်ရအိုးလုပ်ငန်း၏ အမှတ်အသားပင်ဖြစ်ကြောင်း၊ အနီးဝန်းကျင် ထန်းတက်ဒေသများက လာရောက် ဝယ်ယူကြရာ ကျောက်ပန်းတောင်းမြို့ နှစ်ကျပ်ခွဲရွာ၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာ၊ တက်မကျေးရွာ၊ တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ၊ ပခုက္ကူမြို့နှင့် ငါ့သရောက်တစ်နယ်လုံး တောင်ကုန်းကျေးရွာမှ ထွက်ရှိသည့်အိုးတို့ကိုသာ သုံးကြ ကြောင်း အိုးလုပ်ငန်းရှင် ဦးမြင့်ဆွေက ရှင်းပြသည်။
တောင်ကုန်းကျေးရွာတွင် စုပေါင်းအိုးဖုတ်(အိုးဖို)ကုန်းသုံးနေရာရှိပြီး မဲနှိုက်ကာ မဲကျ သည့် အိုးဖုတ်(အိုးဖို)ကုန်းတွင်သာ အိုးဖိုကြကြောင်း၊ အိုးတစ်ခါဖုတ်လျှင် အိုးလုပ်ငန်း လုပ်ကိုင်သူ သုံးဦးထိ အိုးဖိုးကြကာ တောင်ကုန်းကျေးရွာထွက် အိုးအမျိုးမျိုးသည် ပါးလွှာပြီးခိုင်ခန့်သည့်အတွက် လူကြိုက်များကြသည်။
တောင်ကုန်းကျေးရွာမှ ပြာသိုသောက်ရေအိုး၊ ထန်းဆွဲမြူအိုး၊ လက်ဆေးမြေဇလုံ၊ ဟင်းချက်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ရိုးရာအရက်ချက်ပေါင်းအိုး၊ မြေပန်းအိုး၊ မုန့်ပြစ်သလပ်အိုးခင်း၊ မြေသားစုဘူး၊ မြေသားဘုရားပန်းအိုး၊ မြေသားမီးဖို၊ ဆားထည့်အိုးငယ်၊ အိုးပုတ်ချိုးရုပ်များ လုပ်ကိုင်ကြ ကြောင်း သိရကာ ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးစတင်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


