ရပ်စောက်၊ ၁၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW)အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်ရန်ပုံငွေ၊ (KFW)အဖွဲ့ ထောက်ပံ့ရန်ပုံငွေနှင့် ဒေသခံ ပြည်သူများ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း(NEP)အရ တစ်အိမ်သုံး ဆိုလာများ တပ်ဆင်မှုကို ဒီဇင်ဘာ ၁၄ ရက်က မားသဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၁၃ ရွာ၌ ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ မားသဲကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ် ဝပ် ၆၀ (၅၆၆ လုံး)၊ ဝပ် ၁၀ဝ (၁၅၉ လုံး) စုစုပေါင်းတစ်အိမ်သုံးဆိုလာ ၇၂၅ လုံးနှင့် ဆက်စပ် ပစ္စည်းများ၊ ကျေးရွာများ အတွင်းရှိ လမ်းမီးတိုင် ၈၈ တိုင်၊ ပညာရေးကျောင်း ၁၂ ကျောင်း၊ ကျေးလက်ဆေးပေးခန်း နှစ်ခန်းနှင့် ဘာသာရေးကျောင်း ၁၂ ကျောင်းတို့၌ မီးလင်းရေး လုပ်ငန်းများကို ကွင်းဆင်း တပ်ဆင် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၆၇ ရွာတို့အား တစ်အိမ်သုံး ဆိုလာစနစ် ဝပ် ၆၀ (၂၅၅၅ လုံး)၊ ဝပ် ၁၀ဝ (၇၉၆ လုံး)၊ လမ်းမီးတိုင် ၄၁၄ တိုင်၊ ပညာရေးကျောင်း ၅၈ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ငါးခန်းနှင့် ဘာသာရေးကျောင်း ၅၇ ကျောင်းတို့တွင် ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)


