၁၅ ဒီဇင်ဘာ

 

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးကို ဇန်နဝါရီ ၄ ရက် ဝန်းကျင်မှာ စတင်ထိုးနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

 

ဉရောပဆိုင်ရာ ဆေးဝါးစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကနေ Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကာကွယ်ဆေး အသုံးပြုခွင့်ကို ဒီဇင်လာ ၂၉ ရက်နေ့မှာ ခွင့်ပြုနိုင်ချေ ရှိနေပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေး ခွင့်ပြုလိုက်တဲ့ တစ်ပြိုင်နက် တဖြည်းဖြည်းချင်း နိုင်ငံကို ရောက်လာမှာဖြစ်ကြောင်း၊ ဇန်နဝါရီ ၄ သို့မဟုတ် ၅ ရက်နေ့မှာ ရောက်မှာမဟုတ်ကြောင်း ပြောပါတယ်။

 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးကို စောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်တဲ့ အဘိုးအဘွားတွေနဲ့ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး၊ အဲဒီနောက် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အသက်အရွယ်ကြီးသူတွေအား ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

 

 

၂၀၂၁ ခုနှစ် မေလ သို့မဟုတ် ဇွန်လမှာ စပိန်နိုင်ငံ လူဦးရေ ၄၇ သန်းထဲမှ ၁၅ သန်းကို ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

 

 

စပိန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၄၀ ရရှိဖို့ ရှိနေတဲ့အတွက် အဲဒီဆေး အရေအတွက်ဟာ လူ သန်း ၈၀ လောက်ကို လုံလောက်စွာ ဆေးထိုးပေးနိုင်ကြောင်း၊ စပိန်နိုင်ငံသား အားလုံး ကာကွယ်ဆေးထိုးအပြီး ပိုတဲ့ဆေးတွေကို လိုအပ်တဲ့ အိမ်နီးချင်း နိုင်ငံတွေကို ပေးသွားမယ်လို့ ဝန်ကြီးက ထည့်သွင်း ပြောကြားပါတယ်။

 

 

စပိန်နိုင်ငံဟာ ဉရောပတွင်းက ဗိုင်းရပ်စ်ပိုးဒဏ် အဆိုးဆုံး ခံရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရသူ ၁.၇ သန်းကျော်ထဲက သေဆုံးသူ ၄၇,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား -AFP

mdn