ဖားကန့်၊   ၁၅   ဒီဇင်ဘာ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး မြန်မာသူရကျောက်မျက် တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ဒီဇင်ဘာ  ၁၅  ရက် နံနက် ၃ နာရီခန့်က ရေမဆေး ကျောက် ရှာဖွေနေသူများပေါ်သို့ အမြင့်ပေ(၁၅၀)၊ အကျယ်ပေ(၂၀)ခန့်ရှိ မြေပြိုကျခဲ့မှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ဆိပ်မူနယ်မြေရဲစခန်းမှ သိရသည်။

 

မြေစာပြိုကျမှုကြောင့် ညအချိန် ရေမဆေးကျောက်ရှာဖွေကြသည့် စပေါ့ကျေးရွာမှ လဖိုင်လဒွဲ (၄၃ နှစ်) နှင့် နောနော်(၂၂ နှစ်)၊ ဘွမ်နန်ကျေးရွာမှ ဘရန်ဒေါင်(၁၇ နှစ်) တို့ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်အပေါ် ဆိပ်မူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတူးမိုင်က “မြေပြိုမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ နှစ်ဦး ကိုတော့ ချက်ချင်းပဲ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့လိုက်ပါတယ်။ တစ်ဦးကတော့ ယာဘက်ခြေထောက် ကျိုးသွားတယ်။ နောက်တစ်ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာပါပဲ။ သေဆုံးတဲ့သုံးဦးကိုတော့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ စစ်ဆေးပြီး ဒီနေ့ မနက် ၉ နာရီခွဲလောက်မှ သင်္ခါလူမှုကူညီရေးကားနဲ့ ဆေးရုံပို့လိုက်ပါ တယ် ဟု  ပြောသည်။

 

ဖားကန့်ဒေသသည် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရာ မိုင်းတွင်းဒေသဖြစ်သည့်အလျောက် အန္တရာယ်ရှိ နေရာများဖြင့် ပြည့်နက်နေပြီး ရေမဆေးကျောက်ရှာဖွေသူများ၊ တူးဖော်ကြသူများမှာ အသက်အန္တရာယ်ဖြင့် နီးနီးကပ်ကပ်ရင်ဆိုင်ရသည့် အနေအထားကို နေ့စဉ်ကြုံတွေ့ရလျက်ရှိသည်။

 

တာလင်းမောင်(ပြန်/ဆက်)