၁၅ ဒီဇင်ဘာ
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ကျောင်းဆရာ၊ ဆရာမတွေဟာလည်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ဦးစားပေးရရှိသူများ အဖွဲ့မှာ ပါဝင်သင့်ကြောင်း ဒီနေ့ (အင်္ဂနေ့) မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်တွေရဲ့ ပညာရေးကို အင်အားနည်းအောင် လုပ်ခဲ့တာကို တွေ့ရတဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေကို ကာကွယ်ဆေး ထိုးနှံပေးခြင်းဟာ ပညာရေး ယန္တရား ပြန်လည် လည်ပတ်ဖို့အတွက် ခြေလှမ်းတစ်လှမ်းဖြစ်မယ်လို့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
UNICEF ရဲ့ အကြီးအကဲ ဟင်နရီရက်တာဖိုးက ဆရာ၊ ဆရာမတွေအား ဦးစားပေးပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် စာသင်ခန်းတွေမှာ လူကိုယ်တိုင် သင်ကြားခွင့် ရရှိမှာဖြစ်ကြောင်းနဲ့ ကျောင်းတွေ ဆက်လက် ဖွင့်ထားနိုင်ကြောင်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ပထမလှိုင်းအတွင်း ကျောင်းတွေ ဧပြီလကုန်ပိုင်းတွင် ပိတ်လိုက်ရတဲ့ ကမ္ဘာတစ်ဝန်းရှိ ကျောင်းသူကျောင်းသား ၉၀ ရာခိုင်နှုန်းနီးပါးရဲ့ ပညာသင်ယူရေးကို အနှောက်အယှက် ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျောင်းတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ရာ အဓိကနေရာ မဟုတ်ဘူးလို ယူဆနိုင်ပေမယ့် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ် သန်း ၃၂၀ ဟာ ကျောင်းတက်ခွင့် မရှိသေးကြောင်း UNICEF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောင်းတွေ ပိတ်ထားတဲ့ အကျိုးဆက်ကနေ ကလေးငယ်တွေ ကျောင်းကို ပြန်ရောက်ဖို့ နည်းသွားနိုင်ကြောင်း UNICEF ရဲ့အကြီးအကဲ ဖိုး က ပြောပါတယ်။
MDN
ကိုးကား -AFP