လဲချား၊ ၁၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်တို့က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မောင်နွယ်က ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာ ပေးဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ် ဆေးလိပ်နှင့်ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ၊ ဆေးလိပ်နှင့် ကွမ်းယာ စားသုံးခြင်း မပြုရန်၊ သတိပြုလိုက်နာဆောင်ရွက်ရန် စသည့် “ဆေးလိပ်၊ ကွမ်းယာကင်းစင်မှ လူမှုဘဝ မြင့်မားရ” ဆိုသည့် ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင်(ပြန်/ဆက်)


