ကျောက်ထု၊ ၁၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် ယောချောင်း၊ ချီချောင်း၊ ကြီးချောင်း၊ ပင်တောင်ချောင်းများ ဖြတ်သန်းစီးဆင်းလျက်ရှိရာ ယခုအချိန်အခါ၌ ချောင်းရေများ လျော့နည်း နေချိန်ဖြစ်သည့်အတွက် ချောင်းများ၏ တစ်ဖက်တစ်ချက်နေရာများတွင် နုန်းတင်မြေနုများ ပေါ်ထွန်း လျက်ရှိရာ အဆိုပါ မြေလွတ်မြေရိုင်းများဖော်ထုတ်ပြီး ဟင်းသီးဟင်းရွက်နှင့်သီးနှံများ စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါမြေလွတ်မြေရိုင်းများအား ဖော်ထုတ်ရာတွင် ယခင်က လူငှားဖြင့် ဆောင်ရွက်ကြသော်လည်း ယခုအခါတွင် ထွန်စက်နှင့်မြေညှိစက်များအား ငှားရမ်းဆောင်ရွက်ကြသည်။ စက်ငှားရမ်းခအတွက် တစ်နာရီ ငွေကျပ် (၂၀၀၀၀) နှုန်းပေးရသော်လည်း တွင်ကျယ်မှု လျင်မြန်ကြောင်း တောင်သူ တစ်ဦးက ပြောသည်။ ထိုသို့ မြေညှိပြီးသော မြေများတွင် တောင်သူများသည် နွားချေးနှင့် သဘာဝ မြေဩဇာများ ထည့်သွင်း၍ မြေပြင်ဆောင်ရွက်ကြလျက်ရှိသည်။
ထိုသို့ဖော်ထုတ်ပြီးသောမြေကွက်များတွင် ကြက်သွန်နီ၊ မေမြို့ပန်း၊ မုန့်ညှင်း၊ ခရမ်းနှင့် ငရုတ်သီးနှံ များ စိုက်ပျိုးကြမည်ဖြစ်သည်။ ထွက်ရှိလာသော သီးနှံများအား ကျောက်ထုမြို့ဈေးကွက်အပြင် ချင်းပြည်နယ် မင်းတပ်မြို့နှင့် မတူပီမြို့များသို့ ပါတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
(၁၄၄)


