ရန်ကုန်၊    ၁၅   ဒီဇင်ဘာ

 

ထိုင်းနိုင်ငံသို့ အခွန်လွတ်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြောင်းတင်ပို့ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။

 

ထိုင်းနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံမှ ပြောင်းစိုက်တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့်  ပြောင်းစိုက်ရာသီတွင် ပြောင်းတင်သွင်းလိုပါက အခွန်အခတိုးမြှင့်ကောက်ခံသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ သြဂုတ်လအထိကို အခွန်လွတ်ဖြင့် တင်ပို့ခွင့်ပြုထားကြောင်း ၎င်းက ဆက်ပြောသည်။

 

ထိုင်းနိုင်ငံက ထိုင်းမှာရှိတဲ့ ပြောင်းစိုက်တောင်သူတွေရဲ့ ပြောင်းတွေရှိတဲ့ကာလမှာကျတော့ အခွန် ၇၃ ရာခိုင်နှုန်းမှ တင်သွင်းခွင့်ပြုတော့ ကျွန်တော်တို့ တင်ပို့လို့ မကိုက်ဘူး။ ဒါ့ကြောင့် Free Test လို့ခေါ်တဲ့ အခွန် ဝ ရာခိုင်နှုန်းနဲ့ ခွင့်ပြုတဲ့ကာလ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိဆိုတော့ အဲဒီ ကာလကို ပြင်ဆင်ပြီးတော့ စောင့်နေတယ်ဟု ဦးမင်းခိုင်က ပြောသည်။

 

ထိုင်းနိုင်ငံသည် နှစ်စဉ် ပြည်ပမှ ပြောင်းတန်ချိန် ငါးသန်း တင်သွင်းနေသည့် နိုင်ငံဖြစ်သည်။

 

မြန်မာနိုင်ငံ ပြည်တွင်းပြောင်းသုံးစွဲမှုမှာလည်း ယခင်နှစ်များထက် များလာသဖြင့် ယခုနှစ် ပြည်ပ ပြောင်းတင်ပို့မှုကို တန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

 

လက်ရှိ မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်ရေးဖြင့် အဓိကတင်ပို့သည့် တရုတ်နိုင်ငံအပြင် လာအို၊ ထိုင်း စသော နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်တို့ကို  တင်ပို့နေကာ ပြောင်းတစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၃၀ မှ ၂၄၀ ကြား ရရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံမှထွက်ရှိသည့် အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံသို့ လွတ်လပ်စွာ တိုးတက် တင်ပို့နိုင်ရေး၊ တရုတ်နိုင်ငံသို့လည်း တရားဝင်တင်ပို့ခွင့် အမြန်ဆုံးရရှိစေရေးနှင့် ပြောင်းဈေးကွက် တိုးမြှင့်ရှာဖွေပေးနိုင်ရေးတို့အတွက် အစိုးရမှကူညီဆောင်ရွက်ပေးရေး၊ မြဝတီနယ်စပ်၌ ပြောင်းကုန်သွယ်မှု ဆောင်ရွက်ရာတွင် အရောင်းအဝယ်ကိစ္စရပ်များ မှန်ကန်မှုရှိစေရေးနှင့် ပိုမိုအဆင်ပြေ လွယ်ကူမှုရှိစေရေးတို့အတွက် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် COVID-19 အလွန်ကာလတွင် ပြောင်းတိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး ပြည်တွင်းလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်နှင့် ဘဏ်များမှ ထိုက်သင့်သည့် ချေးငွေရရှိစေရေး၊ ပြည်ပသို့တင်ပို့ရာတွင် မိမိတို့ထုတ်ကုန်ပစ္စည်း၏ အရည်အသွေး ပြည့်မီရေး စစ်ဆေးမှုဆိုင်ရာကိစ္စရပ်များနှင့် ပြောင်းမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြောင်းအစေ့ခြွစေက်များ ခေတ်မှီစေရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး၊ ပြည်တွင်းမွေးမြူရေး ကဏ္ဍအတွက် လိုအပ်သည့် ပြောင်းဆံအား  ပြည်တွင်းတွင် ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ကုန်သွယ်မှုတွင် ဘဏ်များမှ တစ်ဆင့် စနစ်တကျ ငွေပေးချေနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

 

ပြီးခဲ့သည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်း တန်ချိန် ၂ ဒဿမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

 

လက်ရှိ ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပြီး တစ်နှစ်လျှင်  ဆောင်းပြောင်း၊ နွေပြောင်း၊ မိုးပြောင်းဟူ၍ လေးလတစ်ကြိမ် ထွက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းကျော် ရှိသည်။

 

ငြိမ်းငြိမ်း