ရန်ကုန်၊ ၁၅ ဒီဇင်ဘာ
ထုတ်လုပ်မှုအားနည်းနေသည့် ပြည်တွင်းစားသုံးဆီလုပ်ငန်းများ တိုးတက်လာစေရန် လိုအပ်သည့်အခန်း ကဏ္ဍများ၌ ပံ့ပိုးကူညီပေးမည်ဟု ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှု တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ အသင်းအဖွဲ့အသီးသီးကို နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အခန်းကဏ္ဍများ၌ ပါဝင်ပူးပေါင်း ကူညီပေးသွားမည်ဟု ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုလက်ရှိ မြန်မာနိုင်ငံရဲ့ဆီထုတ်လုပ်မှုကဏ္ဍဟာ အားနည်းနေပါတယ်။ မြန်မာနိုင်ငံမှာတစ်ချိန်က ဆီဟာ မြန်မာနိုင်ငံရဲ့အဓိကစားကုန်ထဲမှာ ပါဝင်ပါတယ်။ အခြေခံစားကုန်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီအခြေခံစားကုန်ကို နိုင်ငံတွင်းမှာ ဖူလုံစွာထုတ်လုပ်နိုင်ဖို့အတွက် အသင်းကြီးအနေနဲ့ စတင်စိုက်ပျိုးထုတ်လုပ်တဲ့ အချိန်ကနေ ရောင်းချသည်အထိ ကဏ္ဍနယ်ပယ်အသီးသီးမှာ တိုးတက် အောင်မြင်အောင် ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ဘက်ကနေလည်း လိုအပ်တဲ့အခန်းကဏ္ဍတွေကနေ ကူညီပေးဖို့ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းဆီစားသုံးမှုပမာဏမှာ တစ်နှစ်လျှင် တန်ချိန် (၁၀)သိန်း ခန့်ရှိပြီး ပြည်တွင်း ဆီထုတ်လုပ်မှုပမာဏမှာ တန်ချိန်(၄)သိန်းခန့်သာရှိသည်။
သို့ပါ၍ ပြည်တွင်း ဆီစားသုံးမှုဖူလုံစေရန် နှစ်စဉ် စားသုံးဆီတန်ချိန်(၆)သိန်းမှ (၇)သိန်းကြားကို မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းနေရခြင်း ဖြစ်သည်။
“ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် တင်သွင်းနေတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ နိုင်ငံခြားငွေ သုံးစွဲမှုပိုနေတာကို တွေ့ရပါတယ်။ ဒီလိုတင်သွင်းတာတွေကို လျှော့ချနိုင်ဖို့အတွက် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်တဲ့လုပ်ငန်းတွေ နိုင်ငံ့အကြီးအကဲတွေ လမ်းညွှန်သွားသလို Supply Chain (ထုတ်လုပ်မှု ကွင်းဆက်) တစ်ခုလုံး စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူမှသည် စားသုံးကုန် ထုတ်လုပ်တဲ့လုပ်ငန်းတွေ အားလုံးအထိကို ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူက မျိုးကောင်း မျိုးသန့်တွေကို ဘယ်လိုမျိုးရွေးချယ်စိုက်ပျိုးမလဲ။ ဒီထက် အထွက်နှုန်းကောင်းအောင် ဘယ်လိုစိုက်ပျိုး မလဲ။ တောင်သူတွေဆီက ထွက်ရှိလာတဲ့ သီးနှံတွေကို သန့်စင်အောင် ဘယ်လိုကြိတ်ခွဲမလဲ။ အဲဒီကြိတ်ခွဲ ထားတာတွေကို စားသုံးသူတွေကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လိုထုတ်လုပ်မလဲ ဆိုတဲ့ Supply Chain တစ်ခုလုံးကို အောင်မြင်အောင် ကျွန်တော်တို့အသင်းအနေနဲ့ ဆက်လက်ပြီးတော့ ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဉက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။
COVID-19 ဒုတိယလှိုင်း ကာလအတွင်း၌ စားသုံးဆီဈေးနှုန်းများ မတည်ငြိမ်မှု မဖြစ်ပေါ်စေရန် အရန်ဆီ တန်ချိန်(၁၂,၀၀၀)ကျော် ဝယ်ယူထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအသီးသီးရှိ ဆီလှောင်ကန်များတွင် ဖြန့်ဖြူးပေးထားကြောင်း သိရသည်။
နန်းထက်ထက်ချစ်


