၁၅ ဒီဇင်ဘာ
နယ်သာလန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေပါ သီတင်း ၅ ပတ်ပိတ်ရန် ဝန်ကြီးချုပ် က တနင်္လာနေ့မှာ ညွှန်ကြားထားကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ရဲ့ ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ တုပ်ကွေးရောဂါပိုး တိုက်ထုတ်နေတာ မဟုတ်ကြောင်း၊ နယ်သာလန်အား ခရစ္စမတ်အချိန် အပါအဝင် သီတင်း ၅ ပတ် တားမြစ်မိန့်အောက်မှာ ထားရှိသွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။
အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေအား ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ စတင်ပိတ်ရမှာဖြစ်ပြီး ကျောင်းတွေကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ပိတ်ထားရမယ်လို့ သိရပါတယ်။ ပြတိုက်တွေ၊ တိရိစ္ဆာဉယျာဉ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားခန်းမတွေမှာ ပိတ်ထားရန် လိုအပ်ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်က လူတိုင်းအိမ်မှာပဲ နေရန်၊ နေအိမ်တွေမှာ ဧည့်သည် ၂ ဦးသာ လက်ခံရန်၊ ခရစ္စမတ်အချိန် မှာတော့ ၃ ဦး လက်ခံနိုင်ကြောင်း ပြောပါတယ်။
စားသောက်ဆိုင်နဲ့ ဆေးခြောက်ရောင်းတဲ့ coffeeshops ဆိုင်တွေဟာ ဖွင့်ခွင့်ရှိပေမယ့် ပါဆယ်သာ ရောင်းခွင့်ရှိကြောင်း သိရပါတယ်။
နယ်သာလန် နိုင်ငံမှာ နေ့စဉ်ပိုးတွေ့နှုန်းဟာ ၁၀,၀၀၀ နီးပါး ရှိနေစဉ် ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၀၈၂ ဦးရှိသွားကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးဟာ ဒီနေ့၊ မနက်ဖြန် မရနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်မှာ ကာကွယ်ဆေး ရရှိနိုင်ပြီး ကပ်ရောဂါ အမှောင်ကနေ ထွက်နိုင်တဲ့ ရောင်နီက တစ်နှစ်လောက် ကြာနိုင်ကြောင်း သတိပေးစကားကို ထည့်သွင်း ပြောကြားသွားပါတယ်။
MDN
ကိုးကား -AFP
