နေပြည်တော်၊ ၁၅ ဒီဇင်ဘာ

 

မြန်မာမိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်နေ မသီ (ခ) ငြိမ်းငြိမ်းအေး(မိ)၊ ကိုဇင်မင်းထွန်း(မိ)၊ ဝိန်းနားကျေးရွာနေ မလှလှဝင်း(မိ)၊ နမ့်ခမ်းမြို့နေ မပလောင်မ (တိမ်းရှောင်)၊ တရုတ်နိုင်ငံနေ ကျောက်ယွန်ကျင်း(မိ)နှင့် ယောင်ကျန်းဟွေ့(တိမ်းရှောင်)တို့က နမ့်ခမ်းမြို့၊ ကောင်းကတ်ကျေးရွာနေ မ---၊ ၁၈ နှစ်ကို  တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်ဇနီးအဖြစ် ရောင်းစားခဲ့မှုအား  မူဆယ်မြို့မ ရဲစခန်း (ပ) ၇၁၈/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် တရားခံ မသီ (ခ) ငြိမ်းငြိမ်းအေး၊ ကိုဇင်မင်းထွန်း၊ မလှလှဝင်းနှင့် ကျောက်ယွန်ကျင်းတို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ (၂)ဦးကို တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်