စစ်ကိုင်း၊ 15 ဒီဇင်ဘာ
 

ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်၊ ငါးအစရှိသည့် တိရစ္ဆာန်များအတွက် အစာအဖြစ် ကျွေးမွေးနိုင်သည့် နေဗီယာ မြက်ပင်ကို မွေးမြူရေးလုပ်ငန်းများမှ စိတ်ပါဝင်စား ဝယ်ယူစိုက်ပျိုးလာကြကြောင်း သိရသည်။


"နေဗီယာမြက်ဆိုတာက ကြံပင်လိုလို ပြောင်းပင်လိုလို အပင်ကြီးမျိုးဖြစ်ပြီး တိရစ္ဆာန်တွေကို ကျွေးရင် သာမန်မြက်ထက် နှစ်ဆ သုံးဆ ကြီးထွားနှုန်းမြန်တဲ့ မြက်မျိုးဖြစ်ပါတယ်။ ရိုးရိုးမြက်တွေမှာ အသားဓာတ် ၅ ရာခိုင်နှုန်းပဲ ပါဝင်ပြီး နေဗီယာမြက်မှာတော့ အသားဓာတ် ၁၅ ကနေ ၁၉ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်"ဟု စစ်ကိုင်းတိုင်း(မင်းကွန်း)ရှိ နေဗီယာမြက်ကြီးပင် အရောင်းဌာနမှ ကိုမျိုးမြင့်ကိုက ပြောပြသည်။


နေဗီယာမြက်ပင် စိုက်ပျိုးရန် မြေကိုထယ်ထိုးထွန်မွှေပြီးပါက ပင်ကြား တန်းကြား အကွာအဝေး ၃ × ၃ ပေ ထား၍ စိုက်ပျိုးလေ့ရှိသည်။ မိုးရာသီတွင် စိုက်ပျိုးပါက အဆစ် နှစ်ဆစ်ပါသော ပင်ပိုင်းများမှ အဆစ် တစ်ဆစ်ကို မြုပ်၍ ကျန်တစ်ဆစ်ကို မြေမျက်နှာပြင်နှင့်ထိအောင် ထားပြီးစိုက်ပျိုးရကြောင်း သိရသည်။


"ထူးခြားတာက ဒီမြက်မျိုးက တစ်ခါစိုက်ရင် အနည်းဆုံး ၇ နှစ်လောက် ရိတ်သိမ်းကျွေးမွေးနိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ်သက်သာစေတဲ့ မြက်မျိုးဖြစ်ပါတယ်။ တစ်ဧကစိုက်ပျိုးထားရင် တစ်နှစ်ပတ်လုံး နွားဆို အကောင် ၂၀၊ ဆိတ်ဆို ၆၅ ကောင် အထိ အစာကျွေးမွေးနိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။


နေဗီယာမြက်မျိုး အဆစ် နှစ်ဆစ်ပါ တစ်ချောင်းလျှင် ငွေကျပ် ၅၀ ဖြင့် မန္တလေးမြို့ရှိ ကားဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ တင်ပို့ရောင်းချနေကြာင်း သိရသည်။

 

နန်းထက်ထက်ချစ်