နေပြည်တော်၊   ၁၅       ဒီဇင်ဘာ

           

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)တို့ ပူးပေါင်း၍ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက်စနစ် အသုံးပြုမှု မျှဝေဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)မှ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက်စနစ် (MARC) တာဝန်ခံ Ms. Rio Miyanaga က စာကြည့်တိုက်၏ အခြေခံလုပ်ငန်းတာဝန်များ၊ ဂျပန်နိုင်ငံမှ စာကြည့်တိုက်သုံး ကွန်ပျူတာကတ်တလောက်စနစ်(MARC) အသုံးပြုမှုများ၊ ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)၏ သမိုင်းကြောင်း၊ အချက်အလက်များ ရေးသွင်းသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စာအုပ်ရွေးချယ်ရန် ကူညီပံ့ပိုးခြင်း၊ TRC MARC ၏ ထူးခြားချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်သူများက သိလိုသည်များကို မေးမြန်းရာ Ms. Rio Miyanaga က ပြန်လည် ဖြေကြားသည်။ အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အရာထမ်း ၇၅ ဦးနှင့် ဂျပန်နိုင်ငံ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ ဖြန့်ချိမှုအဖွဲ့(TRC)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆန်းဝင်း(ပြန်/ဆက်)