နေပြည်တော်၊ ၁၅ ဒီဇင်ဘာ

 

(၄)ကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Muhammed Ahsanul Jabber ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Muhammed Ahsanul Jabber က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က (၄)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ အခြေအနေကြောင့် Online စနစ်ဖြင့် ကျင်းပပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပြီး နိုင်ငံအသီးသီးက နည်းလမ်းမျိုးစုံဖြင့် တိုက်ဖျက်လျက်ရှိပါကြောင်း၊ နည်းပညာတိုးတက်လာမှုနှင့်အတူ မူးယစ်ဂိုဏ်းများ၏ ပုံစံပြောင်းလဲလာမှုသည်လည်း အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ကို အထူးသတိပြုရမည်ဖြစ်ပါကြောင်း၊ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုများသည် ဒေသတွင်း အဓိကပြဿနာတစ်ရပ် ဖြစ်သော်လည်း ယခုအချိန်တွင် လူလုပ်မူးယစ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ပရီကာဆာ ဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုများသည် လွန်စွာမြင့်မားလာသည်ကို ဖမ်းဆီးရမိမှုများအရ တွေ့ရှိရပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ မရှိစေရေးအတွက် နှစ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေးကြီးပါကြောင်း။

 

ပရီကာဆာဓာတုပစ္စည်းများနှင့် ပရီ - ပရီကာဆာ ဓာတုပစ္စည်းများထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေး အချက်အလက်များ၊ အသစ်ပေါ်ထွက်လာသော စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးခြင်းနှင့် တရားခံပြေးများ ဖမ်းဆီးရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအစည်းအဝေးများ အလှည့်ကျ ကျင်းပခဲ့မှုအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ရာဘဆေးပြားများ သယ်ဆောင်ရောင်းဝယ်လျက်ရှိသည့် ပုံစံများ၊ လမ်းကြောင်းများ၊ ပြစ်မှုကျူးလွန်ပုံ နည်းလမ်းများနှင့်ပတ်သက်၍ သတင်းဖလှယ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ရေကြောင်းအသုံးပြု မူးယစ်ဆေးဝါးသယ်ဆောင်မှု ကြိုတင်ကာကွယ်ရေးများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ နှစ်နိုင်ငံ အောက်ခြေအဆင့် တားဆီးနှိမ်နင်းရေးအရာရှိများ အစည်းအဝေးကျင်းပနိုင်ရေး လိုအပ်လျက်ရှိမှုအပေါ် ဆွေးနွေးခြင်း၊ နှစ်နိုင်ငံအကြား စစ်ဆင်ရေးဆောင်ရွက်မှု၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကောင်းများ ဖလှယ်ခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် လျှို့ဝှက် ဓာတ်ခွဲခန်းများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ (၅)ကြိမ်မြောက် အစည်းအဝေးအတွက် ကျင်းပမည့်နေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် (၄)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

mdn