နေပြည်တော် ၊ ၁၅ ဒီဇင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လောင်းမင်းသစ်ဆိပ်သွားလမ်း၊ သစ်တိုက်ကားလမ်းဟောင်း တစ်လျှောက်တွင် တရားမဝင် အင်/ကညင်သစ်/တိုင် (၈၈)တန်ကို လည်းကောင်း။

 

ထို့အတူ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကြိုး ပြင်အပတောအတွင်းမှ တရားမဝင် ကညင်သစ်/ ခွဲသား/ ခွဲခြမ်း၊ (၁၂ ဒသမ ၁၅၅၈)တန်၊ ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းရွာအနီး၊ သစ်ကျည်းပင်ချောင်အတွင်း တရားမဝင် အင်/ ကညင်/ သရက်/ ရုံး/ သစ်စေးသစ်/ ခွဲသား (၁၁)တန်၊ ကလေးမြို့နယ်၊ မထုကြိုးဝိုင်းအကွက်အမှတ် (၂၉)အတွင်း တရားမဝင် ကျွန်း/ ပျဉ်းကတိုးသစ်/ ခွဲသား (၂၆)တန်နှင့် NOKA တံဆိပ်ပါ လက်ကိုင်စက်လွှ (၁)လုံး၊ ကသာမြို့နယ်၊ မိုးတားလေးရွာ အရှေ့တောင်ဘက် ဧရာဝတီမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင် ကညင်/ အင်သစ် (၁၃ ဒသမ ၃၁၄၀)တန်အား လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)