ရန်ကုန်၊ ၁၅ ဒီဇင်ဘာ
မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် ကစားသမားသစ် စတင်ခေါ်ယူခဲ့ပြီး လက်ရွေးစင်ဟောင်း ဂိုးသမားပြည့်ဖြိုးအောင်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။
ဟံသာဝတီအသင်းသည် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သောကြောင့် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအောင်မြင်မှုရရန်အပြင် AFC Cup ပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကစားသမားသစ်များအင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ ဟံသာဝတီအသင်းသည် Southern အသင်းနှင့် လမ်းခွဲထားသည့် ဂိုးသမားပြည့်ဖြိုးအောင်ကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီး ရက်ပိုင်းအတွင်း သုံးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် လက်ရွေးစင်အဆင့်ကစားသမားများခေါ်ယူအားဖြည့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည့်ဖြိုးအောင်ကို စတင်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကာ ခံစစ်နှင့် ကွင်းလယ်ကစားသမားများ ထပ်မံအားဖြည့်သွားမည်ဖြစ်သည်။
ဟံသာဝတီအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဝါရင့်နည်းပြ ဦးဉာဏ်ဝင်းကို နည်းစနစ်အကြံပေးအဖြစ် ခန့်အပ်ပြီးနောက် ကစားသမားသစ်များ ခေါ်ယူအားဖြည့်နေခြင်းဖြစ်သည်။
ညီမြတ်သော်တာ