လွိုင်ကော်၊ ၁၅ ဒီဇင်ဘာ

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရ၀တီတံတားအနီး လမ်းမပေါ်တွင် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက တောရိုင်းတိရစ္ဆာန် ဝံကြောင် (Binturong) တစ်ကောင်အား တွေ့ရှိခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများအား ရန်မူသဖြင့် မြို့ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဝိုင်း၀န်းဖမ်းဆီးကာ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသည့် ရှားပါးဝံကြောင်သည် အမဖြစ်ပြီး ပြည်သူများအား ရန်မူသောကြောင့် မြို့ဒေသခံများက ရိုက်နက်ဖမ်းဆီးခဲ့ရာ မျက်လုံးတစ်ဖက်တွင် ဒဏ်ရာအနည်းငယ်ရရှိထားသဖြင့် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကာ ဆေးကုသပေးလျက်ရှိသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်များထဲတွင် ဝံကြောင်အမျိုးအစားပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအရ သိရပြီး ရှားပါးတောရိုင်းတိရစ္ဆာန် ဝံကြောင်များကို အရှေ့တောင်အာရှနိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါ၊ အိန္ဒိယနိုင်ငံရှိ ရွက်အုပ်ပိတ်တောများတွင်  မြင်တွေ့ရလေ့ရှိကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)