၁၆ ဒီဇင်ဘာ
အာဆင်နယ်နည်းပြ အာတီတာက သူ့ရဲ့ ပွဲထွက် လူထုတ်ပုံအပေါ် ယုံကြည်မှု ရှိဆဲဖြစ်သလို လက်ရှိ ကြုံတွေ့နေရတဲ့ ဖိအားတွေကိုလည်း အကောင်းဆုံး ချေဖျက်ပြနိုင်တဲ့ စွမ်းအင်မျိုး သူတို့အသင်းမှာ ရှိထားပြီးဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။
အာဆင်နယ်က ယနေ့ညမှာ ဆောက်သမ်တန် အသင်းကို ပရီမီယာလိဂ်ပွဲစဉ် ၁၃ အဖြစ် အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီမီယာလိဂ် ပွဲစဉ်အတွင်း အိမ်ကွင်းစွမ်းဆောင်ရည် အညံ့ဖျင်းဆုံး အသင်းထဲမှာ ပါဝင်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် လေးပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရပါတယ်။ ပရီမီယာလိဂ်မှာ ၁၂ပွဲ ကစားပြီးချိန် ရမှတ် ၁၃ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် (၁၅) နေရာအထိ ရောက်ရှိနေတာကြောင့် ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ရာသီကို ကြုံတွေ့နေတာဖြစ်ပါတယ်။
အာတီတာက ရလဒ်တွေ ဆိုးရွားနေတယ်ဆိုတာ လက်သင့်ခံသလို ဝေဖန်မှုတွေအပေါ်လည်း နားလည်နိုင်ကြောင်း ဆိုခဲ့ပေမယ့် ဒီလို ဝေဖန်မှုတွေကို အကောင်းဆုံး ခြေစွမ်းနဲ့ တုံ့ပြန်နိုင်ကြောင်း ယုံကြည်ထားဆဲဖြစ်ပါတယ်။ သူက “ကျွန်တော့် အတွက်တော့ နေ့ရက်တိုင်းက ဖိအားရှိတယ်လို့ ခံယူထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ကျွန်တော်တို့ အနေနဲ့ ရလဒ်တွေ ကောင်းမွန်နေခဲ့တာမျိုး မဟုတ်ခဲ့ဘဲ ဝေဖန်မှုတွေကြားမှာ ရုန်းကန်ခဲ့ရတာပါပဲ။ ဒါပေမယ့် ကစားသမားတွေ အနေနဲ့ ခြားနားတဲ့ ခံယူချက်နဲ့ အောင်မြင်မှုကို ဆာလောင်နေမယ်ဆိုရင် နိုင်ပွဲစရလာမယ်။ အဲဒီကနေ တစ်ပွဲပြီး တစ်ပွဲ ဆက်ကာ ဆက်ကာ နိုင်ပွဲတွေ ရလာပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။
မေလဲ့သင်း