ဗန်းမော်၊ ၁၆ ဒီဇင်ဘာ

ကချင်ပြည်နယ် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ် တည်ဆောက်ရာတွင် လိုအပ်ချက်အရ သိမ်းဆည်းခဲ့သည့် လယ်ယာမြေအတွက် လျော်ကြေးငွေ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းမှ နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က ယခင်အစိုးရ အဆက်အဆက်မှ နိုင်ငံတော်တွင် လိုအပ်ချက်ဖြင့် တက္ကသိုလ် တည်ဆောက်နိုင်ရေး လယ်ယာမြေသိမ်းဆည်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း ယခုအခါ သိမ်းဆည်းခံတောင်သူများအား လျော်ကြေးငွေ ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သည့် အခမ်းအနားဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပြီး နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ကျောင်းရာဇဝင်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လယ်ယမြေ(၁ ဒသမ ၀၁)ဧက သိမ်းဆည်းခံရသည့် တောင်သူ ဦးအေးမောင်အား မြေယာလျော်ကြေးငွေကျပ် (၁၅၁၅၀၀၀)အား လွှဲပြောင်းပေးအပ်ရာ တောင်သူ ဦးအေးမောင်က မြေယာစွန့်လွှတ်ပြေစာတွင် လက်မှတ်ရေးထိုးခြင်း၊ လျော်ကြေးငွေ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)