ညောင်ဦး၊ ၁၆  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မြစ်ရေတင်ဖြင့် အိန္ဒိယငရုတ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၁၂၀ဝ ကျပ်ရောင်းချရခြင်းကြောင့် အိန္ဒိယ ငရုတ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

 

mdn

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ အထက်ဉာဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စုများသည် မြစ်ရေတင်ဖြင့်လည်းကောင်း၊ မြေအောက်ရေတူးဖော်၍လည်းကောင်း သီးနှံအမျိုးမျိုးစိုက်ပျိုးကြရာ သီးနှံပေါ်ချိန် ဈေးနှုန်းကောင်းနိုင်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် အိန္ဒိယ ငရုတ်မျိုးဖြစ်သည့် မျှားနီတံဆိပ် ငရုတ်မျိုးနှင့် အိန္ဒိယပက်လက်ငရုတ်မျိုးများကို တောင်သူအများစုက စိုက်ပျိုးကြကြောင်း သိရသည်။ တော်သလင်းလ၊ သီတင်းကျွတ်လတွင် ငရုတ်မျိုးများ ပျိုးထောင်ကြပြီး ပျိုးထောင်ပြီး ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းထဲသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ငရုတ်မျိုးစေ့ ပျိုးထောင်ရာတွင် အိတ်တစ်အိတ် မျိုးစေ့(ပျိုး)တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ  အိန္ဒိယမျှားနီ ငရုတ်မျိုးတစ်ထုပ်လျှင် ၅၀ဝ၀ ကျပ်ပေးရကာ မျိုးစေ့ တစ်ထောင်စေ့ပါကြောင်း၊ အိန္ဒိယ ပက်လက်ငရုတ်မျိုး တစ်ထုပ်လျှင် ၁၀ဝ၀ ကျပ်ပေးရကာ မျိုးစေ့ လေးရာခန့်ပါကြောင်း၊ ယာထဲ၊ ကိုင်းကျွန်းထဲ ရွှေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ် ရောင်းချရကြောင်း သိရသည်။ ခုစိုက်ပျိုးထားတဲ့မျိုးကို မိုးထောင်မျိုး(အရပ်အခေါ်)လို့လည်းခေါ်ကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်း ကျေးရွာမှ ငရုတ်စိုက်တောင်သူ ဦးဝင်းတင်က ရှင်းပြသည်။

 

အဆိုပါ ငရုတ်စိုက်တောင်သူများသည် ငရုပ်သီးများ လှိုင်လှိုင်သီးချိန် နတ်တော်လပြည့်ကျော်မှ တပေါင်းလ၊ တန်ခူးလအထိ ငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း၊ စိုက်ခင်းကျယ်ရင် ကျယ်သလို ငရုတ်အထွက် များကြောင်း၊ ငရုတ်သီးခူး သမတစ်ဦးလျှင် တစ်နေကုန် ၃၀ဝ၀ ကျပ် ပေးငှားရကြောင်းနှင့် ထွက်ရှိလာသည့် ငရုတ်သီး များအား ပခုက္ကူဈေးကွက်၊ မြင်းခြံဈေးကွက်နှင့် ညောင်ဦးဈေးတို့သို့ သွားရောက် ရောင်းချကြသလို ငရုတ်သီး ပွဲစားများ ရွာထိလာရောက် ဝယ်ယူကြကြောင်း၊ ငရုတ်သီး တစ်ပိဿာ ၁၀ဝ၀ ကျပ် ဈေးအောက် မရောက်နိုင်ကြောင်း၊ အတက်ဈေးသာရှိနိုင်ကြောင်းနှင့် လိုချင်သည့်ဈေးနှုန်းရရှိခြင်းကြောင့် ငရုတ်စိုက်ပျိုးတောင်သူများ အဆင်ပြေနေကြ ကြောင်း ဦးကျော်ဟန်ဦးထံမှ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)