ကျောက်ဆည်၊ ၁၆ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး ပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မသန်စွမ်းသူများကို ပိုမို၍ ကြည့်ရှုစောင့်ရှောက်နိုင်ရန်၊ နိုင်ငံသားများခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံးတန်းတူညီမျှ အပြည့်အဝရရှိစေရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့်စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့်နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်၊ မသန်စွမ်း သူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးသန်းဇော်လင်းက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ၂၀၁၅-ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မ(၂)(က)တွင် မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေသူကို ဆိုလိုပါကြောင်း၊ ပုဒ်မ(၇၄)တွင် မည်သူမျှ မသန်စွမ်းသူတစ်ဦးဦးက ကျောင်းဝင်ခွင့်လျှောက်ထားချက်ကို အဆိုပါ ကျောင်း သို့မဟုတ် ဌာနတစ်ခုခုမှ ခိုင်လုံသောအကြောင်းမရှိဘဲ ကျောင်းဝင်ခွင့်ကို ငြင်းပယ်ခွင့်မပြုရ၊ ကျောင်းဝင်ခွင့် ပြုထားသော မသန်စွမ်းသူတစ်ဦးကို ခိုင်လုံသောအကြောင်းမရှိဘဲ အဆိုပါကျောင်းသို့မဟုတ် ဌာနတစ်ခုခုက ထုတ်ပယ်ခြင်းမပြုရ၊ ပုဒ်မ(၈၀)အရ ပုဒ်မ(၇၄)ပါပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက (၁)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ကျပ်(၁၅)သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


