သာပေါင်း၊   ၁၆   ဒီဇင်ဘာ 


သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၀)ကို တောင်ကလေးကျေးရွာအုပ်စု တောင်ကလေးကျေးရွာ  အောင်မင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၌ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။


အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးမှူး ဒေါ်၀တ်ရည်စိုးက အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် ဘာသာရပ်များ၊ သင်တန်းအချိန်ဇယားနှင့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တောင်ကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး၀င်းထွန်းက ကျေးဇူးတင်၀မ်းမြောက် စကားပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာမှ ဖွင့်လှစ်သော အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၀)ကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင်အညီ ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၃၀) တတ်ရောက် သင်ယူကြလျက်ရှိကြောင်း သိရသည်။


မျိုးဇော်သိန်း(ပြန်/ဆက်)