ပဲခူး၊ ၁၆ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ဧည့်ခန်းမသို့ ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအတွက် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုရန် Max-Highway Co., Ltd (ဧရာဝတီဖောင်ဒေးရှင်း)မှ အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။
ရှေးဦးစွာ Max-Highway Co., Ltd (ဧရာဝတီဖောင်ဒေးရှင်း)မှ Covid-19 ရောဂါ ကာလအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အသုံးပြုရန် ငွေကျပ်သိန်း(၅၀)နှင့် Mask အခုရေ(၅၀၀၀)အား ထောက်ပံ့လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က လက်ခံရယူ ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသည့် ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်မှ သံဃာ တော် အရှင်သူမြတ်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဒါန်းပေးသည့် ဆန် ၁၀ အိတ်ကို ပဲခူးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


