ဗန်းမောက်၊    ၁၆   ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ရာသီအလိုက် သီးနှံစမ်းသပ်ကွက်နှင့်စံပြကွက်များ ဆောင်ရွက်ခဲ့မှုအပေါ် တွေ့ရှိချက်နှင့် သုံးသပ်ချက် များအား သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ  ၁၅  ရက် မွန်းလွဲပိုင်းက ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ဗန်းမာက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ 

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမောင်က အမှာစကား ပြောကြားပြီး သုတေသနစာတမ်းဖတ်ကြားရာတွင် ကသာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါ်မိုးရင်ဆိုင်က ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စာတမ်းကို လည်းကောင်း၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငြိမ်းသူအောင်က နမသလေးစပါး စမ်းသပ်ကွက် စာတမ်းကို လည်းကောင်း၊ ဗန်းမောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်ရွှေသာနုက SRI စံပြကွက်စာတမ်းကို လည်းကောင်း၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးဝင်က Trail Plot of Sugarcane စာတမ်းကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ဖတ်ကြား တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်ကွက်နှင့်စံပြကွက်များ ဆောင်ရွက်ခဲ့မှုအပေါ် တွေ့ရှိချက်နှင့် သုံးသပ်ချက် များအား သုတေသနစာတမ်းဖတ်ပွဲတွင် အကောင်းဆုံးစာတမ်းရှင်အဖြစ် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ နမသလေးစပါး စမ်းသပ်ကွက် စာတမ်းဖြင့် ဖတ်ကြားယှဉ်ပြိုင်ခဲ့သည့် ဒုတိယဦးစီးမှူး ဦးငြိမ်းသူအောင်အား ရွေးချယ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့်သို့ ဆက်လက်ဖတ်ကြား ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမောင်၊ အင်းတော်၊ ဗန်းမာက်၊ ထီးချိုင့်မြို့နယ်တို့ရှိ မြို့နယ်ဦးစီးမှူးများ၊ ခရိုင် SMS များ၊ ခရိုင်စီမံကိန်းနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

ကျော်စွာ(ဗန်းမောက်)