သံတောင်ကြီး၊ ၁၆ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် Organic ကော်ဖီဧက ၅၀၀၀ တိုးချဲ့စိုက်ပျိုးရေးနှင့် အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ရေးအတွက် သံတောင်ကြီးမြို့နယ် ကော်ဖီအစုအဖွဲ့မှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကျောက်တိုင်ကော်ဖီခြံခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာသံတောင်ကြီးမြို့နယ် လိပ်သိုကော်ဖီခြံတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်က ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့်နည်းပညာများ ကျေးရွာအလိုက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းထိုက်မင်းက သံတောင်ကြီး မြို့နယ်တွင် Organic ကော်ဖီဧက ၅၀၀၀ တိုးချဲ့စိုက်ပျိုးမည့် အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သံတောင်ကြီးမြို့နယ် ကော်ဖီအသင်း ဥက္ကဋ္ဌ ဆရာတော်ဦးစောဘိုသာက ကော်ဖီဈေးနှုန်း ကောင်းရရှိရန်နှင့် အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကော်ဖီအစုအဖွဲ့မှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများက Organic ကော်ဖီတိုးချဲ့စိုက်ပျိုးရန်၊ အရည်အသွေးမြှင့်တင်နိုင်ရန်၊ ဈေးနှုန်း ကောင်းများရရှိရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများအား အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


