ပဲခူး၊ ၁၆ ဒီဇင်ဘာ

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် မီးလင်းခဲ့သည့် ပဲခူးမြို့နယ် အင်းတကော်မြို့ ကျောက်တန်းကျေးရွာအုပ်စု ရွာတော်ကုန်းကျေးရွာတွင် ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက လျှပ်စစ်မီးဖွင့်ပွဲ  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံ က အဖွင့်အမှာစကားပြောကြားပြီး အင်းတကော်မြို့ မြို့လျှပ်စစ်အင်ဂျင်နီယာဦးမြင့်သိန်းက အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် မီးလင်းရေး ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၄ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် မီးလင်းခဲ့သည့် ပဲခူးမြို့နယ် အင်းတကော်မြို့ ကျောက်တန်းကျေးရွာအုပ်စု ရွာတော်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ထရန်စဖော်မာအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံ၊ မြို့လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ပဲခူးမြို့နယ် အင်းတကော်မြို့ ကျောက်တန်းကျေးရွာအုပ်စု ရွာတော်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ NEP စီမံကိန်းဖြင့် 11KVလိုင်း ၁ ဒသမ ၉ မိုင်၊ 11/0.4KV 200KVA (၁)လုံး ဆောင်ရွက်ပေးပြီး ကျေးရွာနေပြည်သူများမှ 400 ဗို့ဓာတ်အားလိုင်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့နယ် အင်းတကော်မြို့နယ်မြေတွင် ကျေးရွာပေါင်း ၄၁ ရွာရှိရာ ၃၂ ရွာ၊  ၇၈ ရာခိုင်နှုန်းမီးလင်းပြီးဖြစ်ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် NEP(၃)မိုင်စီမံကိန်းဖြင့်(၄)ရွာ၊ ပြည်ထောင်စုဘက်ဂျက်ဖြင့်(၄)ရွာ ထပ်မံ၍ ဓာတ်အားရရှိမည်ဖြစ်သဖြင့် ယခုနှစ်ဘက်ဂျက်ကုန်တွင် ကျေးရွာပေါင်း ၄၀ တွင် ၉၈ ရာခိုင်နှုန်း မီးလင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)