လားရှိုး၊ ၁၆ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိ တောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်းသို့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် ဟင်းသီးဟင်းရွက်သစ်သီးဝလံ အမျိုးအမည် စုံလင်စွာ စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်ကြီးတစ်ခုဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများသည် ရှမ်းပြည်နယ်မှထွက်ရှိသော သီးနှံများကို စားသုံးရပြီး ပြည်သူတစ်ရပ်လုံး၏ အစားအစာဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသည့် ပြည်နယ်လည်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်လာခဲ့သည်မှာ လေးနှစ်တာကာလအတွင်း သီးနှံပေါင်း ၂၀ မျိုးကို အသိအမှတ်ပြုလက်မှတ်များရရှိအောင် ပညာပေးဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်းကို ပညာပေးလုပ်ငန်းများမှ တစ်ဆင့် ယခုအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်သော GAP အထူးဇုန်ကြီးများ ဖော်ဆောင်စိုက်ပျိုးထုတ်လုပ်သွားရန် လိုအပ်သဖြင့် လက်ဖက်၊ နာနတ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ မက္ကဒေးမီးယား စသည့်သီးနှံများကို ဧကထောင်ချီစိုက်ပျိုးသော GAP အထူးဇုန်ကြီးများအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုသိရပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် ယခုနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ ဧက ၁၀၀၀၅ စိုက်ပျိုးရန် လျာထားသည့်အနက် လားရှိုးမြိူ့နယ်တွင် ၁၅၉၅ ဧက စိုက်ပျိုးသွားမည်ဟု သိရပြီး ယခင်နှစ်ကလည်း သိန်းနီမြို့နယ်တွင် ကြက်သွန်ဖြူဧက ၂၀၀ ကို GAP စနစ်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယနေ့ တက်ရောက်လာသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ပြီး ထုတ်လုပ်သူစားသုံးသူများအားလုံး ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ကြသည့် အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လားရှိုးမြို့နယ် ကြက်သွန်ဖြူ GAP စိုက်ပျိုးတောင်သူများအား သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများကိုယ်စား တောင်သူ ဦးစိုင်းထွန်းလှိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ မန်းပွဲလုံကျေးရွာအုပ်စု၊ မန်းပွဲကျေးရွာမှ တောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ GAP စိုက်ခင်းတွင် ရေစုဆောင်းထားခြင်းနှင့် ရေချွေတာ သုံးစွဲမှု(Water Management) ဆောင်ရွက်ထားရှိမှုနှင့် ကွင်းသရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။
မောင်မောင်သန်း(တောင်ကြီး)


